နိုဝင်ဘာ ၁၄ ၊ နေပြည်တော်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့ရေးရာဝန်ကြီးဌာန၏ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ရောက်ရှိလျက်ရှိသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင် ဦးဆောင်သည့် ကချင်ပြည်နယ် အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဦးနေဝင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးနှင့် ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် (၁၃-၁၁-၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် ပြည်သူ့ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး Madam Gao Xiaobing ဦးဆောင်သည့် နိုင်ငံတကာဆက်ဆံရေးဌာန၊ ကလေးသူငယ်စောင့်ရှောက်ရေးဌာနနှင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေးဌာနတို့မှ အဆင့်မြင့် အရာရှိကြီးများနှင့် ၎င်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံခေါင်းဆောင်ကြီးများ၏ တွေ့ဆုံဆွေးနွေးမှုများနှင့်အညီ ဆွေမျိုးပေါက်ဖော်စိတ်ဓာတ်ဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ အတွေ့အကြုံဖလှယ်ရေး၊ အတူတကွပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အား ဦးတည်၍ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများ စောင့်ရှောက်မှုဆိုင်ရာများ အတွေ့အကြုံကောင်းများနှင့် စိန်ခေါ်မှုများအား ဖြေရှင်းခြင်း ဆိုင်ရာများ၊ အဆိုပါနယ်ပယ်များအတွက် လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေများ သတ်မှတ်ပြဌာန်း ခြင်းဆိုင်ရာ အဓိပ္ပါယ်ဖော်ပြချက်များနှင့် လက်တွေ့ကျင့်သုံးနေမှု အခြေအနေများ၊ ပြည်သူများ သက်သာချောင်ချိရေးအတွက် စနစ်တကျ မဟာဗျုဟာချမှတ်ဆောင်ရွက်ခြင်းဆိုင်ရာ အတွေ့အကြုံ ဖလှယ်ခြင်းများ၊ ကလေးသူငယ်ရာဇဝတ်မှုများ လျော့ပါးရေးနှင့် လမ်းပေါ်နေ လေလွင့်သူငယ် စောင့်ရှောက်ရေးဆိုင်ရာများ နှီးနှောဆွေးနွေးခြင်းများ၊ ပြည်ထောင်စုအစိုးရနှင့် ဒေသအစိုးရတို့မှ ဦးတည်အုပ်စုများသတ်မှတ်၍ ငွေကြေးများထောက်ပံ့ပေးနေမှု အခြေအနေများ၊ ကလေးသူငယ် တိုင်း ပညာသင်ယူခွင့်အတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ စေတနာ့ဝန်ထမ်းများက ကူညီနိုင်ရေးဆောင်ရွက်နေမှု အစီအစဉ်များ၊ တရုတ်နိုင်ငံတွင် သက်ကြီးရွယ်အို စောင့်ရှောက်ရေး အတွက် အစိုးရနှင့်ပုဂ္ဂလိကနည်းလမ်း(၂)သွယ်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် နည်းစနစ်တကျ ဆောင်ရွက်နေမှုအခြေအနေများ၊ သက်ကြီးစောင့်ရှောက်ရေးဂေဟာ၊ နေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာနှင့် အိမ်တိုင်ရာရောက်သက်ကြီးရွယ်အိုစောင့်ရှောက်မှုတို့အတွက် ဆောင်ရွက်နေမှု အတွေ့အကြုံများ ဖလှယ်ခြင်းများ၊ ဒေသ၏ကုန်ဈေးနှုန်းပေါ်မူတည်၍ အနည်းဆုံးရှိသင့်သည့် လူနေမှုအဆင့်အတန်းရရှိစေရန် ဆောင်ရွက်နေမှု အခြေနေများအား ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ဒုတိယဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် (၁၃-၁၁-၂၀၁၉) ရက်နေ့ နေလယ်ပိုင်းတွင် ဘေးကျင်းမြို့ရှိ မိဘမဲ့ဂေဟာသို့ သွားရောက်၍ မိဘမဲ့ ဉာဏ်ရည် မသန်စွမ်းကလေးသူငယ်များအား ကျန်းမာရေး အခြေအနေ၊ အသက်အရွယ်၊ ဉာဏ်ရည်မသန်စွမ်းမှု အဆင့်အလိုက် စောင့်ရှောက်နေမှုဆိုင်ရာ အတွေ့အကြုံဖလှယ်ခြင်း၊ အထူးဂရုပြုရမည့် ယင်းကလေးသူငယ်များ စောင့်ရှောက်နိုင်ရေးအတွက် စနစ်တကျ လေ့ကျင့်သင်ကြားပေးမှု၊ ပြုစုစောင့်ရှောက်မှု၊ စောင့်ရှောက်ခံနှင့် စောင့်ရှောက်သူအမျိုးအစား၊ ကျန်မာရေးအာမခံစနစ်ဖြင့် အရေးပေါ်/နာတာရှည် မသန်စွမ်းကလေးသူငယ်များအား ပံ့ပိုးကူညီမှုအခြေအနေ၊ မိဘရှိ မသန်စွမ်း ကလေးများအတွက် အကူအညီပေးနေသည့် နည်းလမ်းများအား ဆွေးနွေးခဲ့ကြပြီး ကလေးသူငယ် များ စိတ်ပိုင်း၊ ရုပ်ပိုင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းစနစ်တကျ ဆောင်ရွက်နေမှုအခြေအနေ၊ ဗဟိုအစိုးရနှင့် ဒေသအစိုးရ လုပ်ငန်းတာဝန်ခွဲဝေမှုနှင့် ဂေဟာများဖွင့်လှစ်နိုင်မှု အခြေအနေတို့အား ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl2
#npw_nov2019
Source: MOSWRR