လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံရုံး သံအမတ်ကြီးနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ လာရောက်တွေ့ဆုံခြင်း

1 2 3
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမတွင် မေလ (၁၈) ရက်နေ့၊ ‌နေ့လည်(၁၃:၀၀) နာရီအချိန်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား ရန်ကုန်မြို့၊ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံရုံးမှ သံအမတ်ကြီးဖြစ်သူ H.E.Mr. Mohammad Sufiur Rahman ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံံ၏ သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ရာတွင် စားနပ်ရိက္ခာစုဆောင်းထားရှိမှုနှင့်ပတ်သက်၍ ၎င်းတို့နိုင်ငံ၏ ရှေးရိုးစဉ်လာ ဆောင်ရွက်မှုအတွေ့အကြုံများ၊ ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်များအတွက် ကူညီပေးခြင်းဆိုင်ရာကိစ္စရပ်များ၊ ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်များကို နှစ်နိုင်ငံပူးပေါင်းတုန့်ပြန်ဆောင်ရွက်မည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။
အလားတူ (၁၄:၀၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးအား International Rescue Committee (IRC-Myanmar) မှ Coutry Director ဖြစ်သူ Mr.Ralf Nico Thill ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ ရခိုင်ပြည်နယ်အတွင်း ဘေးအန္တရာယ်ဖြစ်ပွားသည့် နေရာများသို့ဝန်ကြီးဌာနနှင့် IRC တို့ ပူးပေါင်းဆောင်ရွက်သည့် ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်များရှိ ပြည်တွင်းနေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူများ၏စခန်းများကို ပံ့ပိုးကူညီခဲ့သည့်ကိစ္စရပ်များ၊ ဝန်ကြီးဌာနသို့ စွမ်းဆောင်ရည်မြင့်မားရေးအတွက် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု သင်တန်းပံ့ပိုးပေးမည့်ကိစ္စရပ်များ၊ ရက် (၁၀၀) စီမံချက်တွင် ပါဝင်သော အရေးပေါ်အခြေအနေစီမံခန့်ခွဲဗဟိုဌာန (EOC) တွင် ကူညီပေးမည့်ကိစ္စရပ်များ၊ ဝန်ကြီးဌာနနှင့် MOU သက်တမ်းတိုးမှုကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
အလားတူ(၁၅:၀၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးအား Nippon Foundation မှ Executive Director ဖြစ်သူ Mr.Shuichi OHNO ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ ဝန်ကြီးဌာနနှင့် နီပွန်ဖောင်ဒေးရှင်းတို့ အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံမသန်စွမ်းသူများအတွက် အနုပညာပွဲတော်အပြင် မြန်မာနိုင်ငံတွင် မသန်စွမ်းသူလူငယ်များသို့ ပညာသင်ကြားရေးနှင့်အသက်မွေးဝမ်းကျောင်း ပညာသင်ကြားမှုကိစ္စရပ်များ၊ မသန်စွမ်းသူများဘီးတပ် ကုလားထိုင်နှင့် ခြေတု၊ လက်တုများ တပ်ဆင်ပေးမည့်စီမံကိန်းဆောင်ရွက်ပေးမည့်ကိစ္စရပ်များ၊ ရက်(၁၀၀) စီမံချက်တွင်ပါဝင်သည့် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေပြင်ဆင်ဆောင်ရွက်မည့်ကိစ္စရပ်များ၊ မသန်စွမ်းသူများအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားလေ့ကျင့်ပေးရေးအတွက် လိုအပ်သောသင်တန်းများကို အစိုးရ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း၊ ပုဂ္ဂလိကနှင့်နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

Sign Up

Upcoming Events