ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ပြည်တွင်းလူငယ်မိတ်သဟာရအဖွဲ့တိုင်းရင်းသားလူငယ်များနှင့်တွေ့ဆုံပွဲသို့တက်ရောက်

13_Pic_02

နိုဝင်ဘာ ၁၂၊ ရန်ကုန်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ မင်းဓမ္မလမ်းရှိ Myanmar Convention Centre ၌ ကျင်းပပြုလုပ်သော Internal Youth Fellowship -IYF မှ ကြီးမှူးကျင်းပသော တိုင်းရင်းသားလူငယ်များတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ Internal Youth Fellowship ၏ Founder Dr. Ock Soo Park (အုပ်ဆွန်းပတ်) နှင့်တွေဆုံခဲ့ပြီး လူငယ်များနှင့်ပတ်သက်ပြီး Mind Education ဆောင်ရွက် လျက်ရှိသော လုပ်ငန်းများ၊ ဝန်ကြီးဌာနနှင့် ပူပေါင်းဆောင်ရွက်လိုသည့်ကိစ္စရပ်များနှင့် ပတ် သက်ပြီး ရှင်လင်းပြောကြားခဲ့ရာ ပြည်ထောင်စုဝန်ကြီးက မိမိတို့အနေဖြင့် လူငယ်ရေးရာမူဝါဒကို အကောင်အထည်ဖော်လျက်ရှိပြီး ဦးစားပေးကဏ္ဍများအလိုက် ဆောင်ရွက်လျက်ရှိကြောင်း နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ပြန်လည်ဆွေးနွေးခဲ့ပါသည်။

အခမ်းအနားကို တိုင်းရင်းသားရိုးရာအက၊ အမျိုးသမီးအဆိုရှင်များက ပင်တိုင်စံ သီချင်း၊ အမျိုးသားအဆိုရှင်များက စိတ်ဓါတ်မကျပါနဲ့ သီချင်း၊ သံစုံတီးဝိုင်းများ၊ ကိုရီးယားရိုးရာအက များဖြင့် ဖျော်ဖြေခဲ့ပြီး Internal Youth Fellowship အဖွဲ့ မှတ်တမ်းလှုပ်ရှားဗီဒီယိုကို ပြသခဲ့ကာ Jindallae Choir အဖွဲ့က အလင်းဖြစ်စေ ပြဇာတ်ဖြင့် ကပြခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီးက အမှာစကား ပြောကြားရာတွင် ယနေ့ပြုလုပ်သော အခမ်းအနားသည် နိုင်ငံတကာ လူငယ်မိတ်သဟာအဖွဲ့နှင့် ပြည်တွင်းလူငယ်မိတ်သဟာအဖွဲ့ တို့ပူးပေါင်း၍ တိုင်းရင်းသား လူငယ်များတွေ့ဆုံပွဲနှင့် အံ့သြဖွယ်ရာ စိတ်ကမ္ဘာခရီး စာအုပ်မိတ်ဆက်ခြင်းဟု သိရှိရကြောင်း၊ ယနေ့အခမ်းအနား ဖြစ်ပေါ်လာပုံကြည့်မည်ဆိုပါက လူငယ်များအတွက်လိုလားသော လူသား အားလုံးအတွက်လိုလားသော Mind Education (စိတ်ဓါတ်ရေးရာ အသိပညာပေး) ကြောင့်ဟု ယူဆပါကြောင်း၊ Mind Education နှင့် ပတ်သက်၍ ဦးဆောင် ဆောင်ရွက်လျက်ရှိသော ပညာရှင် ဆရာကြီး Ock Soo Park နှင့် ကြွရောက်လာသူများ အားလုံးကိုလည်း ကြိုဆို နှုတ်ခွန်းဆက်ပါကြောင်း၊ ပြည်သူ့အစိုးရအနေဖြင့် ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိရာ မိမိတို့နိုင်ငံအနေဖြင့် နည်းပညာများ လူသားအရင်းအမြစ်များ၊ အဆောက်အဦး၊ လမ်းတံတားများ၊ လျှပ်စစ် စသည့် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်း ရာတွင် အချိန်ယူရကြောင်း၊ သို့သော် စိတ်ကို လူသား တစ်ဦးချင်းက ပိုင်ဆိုင်ထားသည့်အတွက် ချက်ချင်းတိုးတက်အောင် ကိုယ်တိုင်ဖြည့်ဆည်း ဆောင်ရွက်၍ရကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းရင်းသားပေါင်းစုံစုပေါင်းနေထိုင်သည့် ပြည်ထောင်စုနိုင်ငံဖြစ်သည့်အတွက် ပြည်ထောင်စု စိတ်ဓါတ်ရှိရန်အရေးကြီးပါကြောင်း၊ မိမိတို့အစိုးရစတက်ချိန်မှစ၍ တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးဖော်ဆောင်ခဲ့ပါကြောင်း၊ ငြိမ်းချမ်းရေးသည် အလွန်အရေး ကြီးပြီး ငြိမ်းချမ်းမှဖွံ့ဖြိုးတိုး တက်နိုင်သကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှငြိမ်းချမ်းရေး ရရန်လွယ်ကူမည် ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးရရှိရန် လူတစ်ဦးချင်းစီ၏စိတ်ထဲတွင် ငြိမ်းချမ်းချင်စိတ်ရှိရမည် ဖြစ်ကြောင်း၊ မိမိတို့၏စိတ်တွင် စွဲငြိနေသော သံသယစိတ်များ၊ အာဃာတ တရားများ၊ အမုန်းတရားများ ကင်းစင်သွားရန် စိတ်ဓါတ်ရေးရာ ပြောင်းလဲနိုင်ရေး Mind Education သည် အရေးကြီးကြောင်း၊ ယနေ့လူငယ်များကိုလည်း ထိုကဲ့သို ခံစားရရှိစေပြီး ချစ်ခြင်းမေတ္တာများဖြင့် စိတ်ခွန်အား ပြည့်ဝစေပြီး ငြိမ်းချမ်းရေးအမွေကို ပေးခဲ့နိုင်ရန် အရေးကြီးကြောင်း၊ ယနေ့လူငယ် များ မူးယစ်ဆေးစွဲပြသနာကို ရင်ဆိုင်နေရကြောင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မူးယစ်သံသရာမှ လွတ်မြောက်စေရန် လူငယ်များ၏စိတ်တွင် ကဲ့ရဲ့ရှုံ့ချ ခံရခြင်းမှ ကင်းလွတ်ခြင်း၊ ပတ်ဝန်းကျင်တွင် ပြန်လည်ဝင်ဆံ့ခြင်း၊ စစ်မှန်သော ပျော်ရွှင်ချမ်းမြေ့ မှုများရရှိအောင် ဆောင်ရွက်ပေးခြင်းများ လိုအပ်ကြောင်း၊ လူငယ်များအားလုံးသည် အမှောင်ကို ခွင်း၍ အလင်းကိုတွေ့ရှိရန် စိတ်ဓါတ်ရေးရာ အသိပညာပေး Mind Education သည် အရေးကြီး သဖြင့် ယနေ့အခမ်းအနားသို့ တက်ရောက်လာကြသော တိုင်းရင်းသား လူငယ်များအားလုံးနှင့် ဆက်လက်၍ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် Internal Youth Fellowship ၏ Founder ဖြစ်သူ Dr. Ock Soo Park က Mind Lecture ကို ရှင်းလင်းပို့ချပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl1

#npw_nov2019

Source: MSWRR

Sign Up

Upcoming Events