နေပြည်တော်၊ မေလ (၁၈) ရက်
မြန်မာနိုင်ငံတွင် အသက် (၁၀) နှစ်မှ (၁၉) နှစ်အရွယ်ရှိသော ဆယ်ကျော်သက်ဦးရေသည် နိုင်ငံ့ဦးရေ၏ ၂၁.၄၆% ရှိသဖြင့် နိုင်ငံတော်၏ကြီးမားသော အင်အားတစ်ရပ်ဖြစ်ပြီး ဆယ်ကျော်သက်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးစားကြရမှာဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားကို “နိုင်ငံ့အနာဂတ်တိုးတက်ဖို့ ဆယ်ကျော်သက်ကဏ္ဍမြှင့်တင်စို့” ဆောင်ပုဒ်နှင့်အညီ လူ့ဘောင်အဖွဲ့အစည်းအတွက် အကျိုးပြုသော လူကြီးများဖြစ်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဆယ်ကျော်သက်များကိုယ်တိုင်က မိမိတို့ ထင်မြင်ယူဆချက်များကို ဖော်ထုတ်၍ အချင်းချင်းပိုမိုပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ဖို့တို့အတွက် ဆယ်ကျော်သက်ကွန်ယက်တစ်ခု ထူထောင်နိုင်ရန်နှင့် ပြည်သူလူထုတစ်ရပ်လုံးက ဆယ်ကျော်သက်လူငယ်များ ဖွံ့ဖြိုးရေးမှာ ပိုမိုအာရုံစိုက်ပြီး ပူးပေါင်းဆောင်ရွက်လာစေရန် ဖြစ်ပါကြောင်း၊ ဆယ်ကျော်သက်အရွယ်သည် ကလေးနှင့် လူငယ်ကြား အရွယ်ဖြစ်ပြီး စိတ်ရောခန္ဓာပါ ပြောင်းလဲသော အရွယ်ဖြစ်ပါကြောင်း၊ အမှားများနှင့် ကြုံတွေ့ရတတ်သောကြောင့် လူကြီးများက နားလည်သဘောပေါက်ပြီး လမ်းမှန်ရောက်အောင် ထိန်းကျောင်းပေးရန်လိုသလို အလေ့အကျင့်ကောင်းများကိုလည်း လေ့ကျင့်ပေးရန် လိုအပ်ပါကြောင်း၊ ဆယ်ကျော်သက်လူငယ်များအနေဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍ၊ အလုပ် အကိုင်ရရှိရေး၊ ယဉ်ကျေးမှု၊ မျိုးချစ်စိတ်ဓါတ်၊ ခေါင်းဆောင်မှုနှင့် ပရဟိတကဏ္ဍများကို ဆွေးနွေးကြရန်ဖြစ်ပါကြောင်း၊
“ယနေ့လူငယ် နောင်ဝယ်လူကြီး”ဆောင်ပုဒ်နှင့်အညီ အနာဂတ်နိုင်ငံတော်ကို ပုခုံးပြောင်း ထမ်းဆောင်ကြရမည့် မျိုးဆက်သစ်များ ဖြစ်တာကြောင့် နိုင်ငံ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင် ကလေးလူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်ကို အထူးဦးစားပေးလုပ်ငန်းအဖြစ် ထည့်သွင်းသွားရမှာ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကွန်ဗင်းရှင်းရှိ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်သောကြောင့် ကလေးသူငယ်များ၏ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်ဆိုသည့် အခွင့်အရေး (၄) ရပ်ကို အပြည့်အဝရရှိရေး တာဝန်ယူဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာမှာ ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွား Best Interest of the Child ကို ဦးတည်ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနသည် ထိခိုက်လွယ်သော ကလေးလူငယ်များကို ကာကွယ်စောင့်ရှောက်ပေးနိုင်ရန် လူငယ်သင်တန်းကျောင်း (၁၀) ကျောင်းဖွင့်လှစ်ပြီး သင်တန်းကျောင်းအခြေပြု စောင့်ရှောက်ခြင်းနှင့် ရပ်ရွာအတွင်း ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေးသူငယ်များကို အကာအကွယ်ပေးနိုင်ရန် ၁၉၉၃ ခုနှစ်၊ ဇူလိုင်လ (၁၄) ရက်နေ့တွင် ကလေးသူငယ်ဥပဒေကို ထုတ်ပြန်ခဲ့ပြီးဖြစ်ရာ ခေတ်နဲ့လိုက်လျောညီထွေပြီး ပိုမိုပြည့်စုံသည့် ဥပဒေတစ်ရပ်ဖြစ်လာစေရန်အတွက် ပြန်လည်ပြင်ဆင်ရေးဆွဲဆောင်ရွက်လျှက်ရှိပါကြောင်း၊ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ (၂၂၅) ခုကိုလည်း လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြုထောက်ပံ့ပေးလျှက် ရှိပါကြောင်း၊
ရပ်ရွာအတွင်းရှိ ကလေးသူငယ်များ၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးဆောင်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ လူငယ်ကိုယ်စားလှယ်များ UN အဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပအစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ လူငယ်မူဝါဒရေးဆွဲရန် စီစဉ်ဆောင်ရွက်လျှက်ရှိပါကြောင်း၊
ညီလာခံသို့တက်ရောက်လာကြသည့် ဆယ်ကျော်သက်လူငယ်မောင်မယ်များသည် မိမိတို့၏ ထင်မြင်ယူဆချက်များ၊ ဆန္ဒသဘောထားများ၊ ခံယူချက်များမှ ဆွေးနွေးရရှိသော ရလာဒ်များဟာ နောင်ရေးဆွဲမည့် လူငယ်မူဝါဒအတွက် အထောက်အကူပြုနိုင်မှာဖြစ်ကြောင်း၊ ဆယ်ကျော်သက် လူငယ်မောင်မယ်များမှ ကောင်းမွန်သောရလာဒ်များ ပေါ်ထွက်လာအောင် ဝိုင်းဝန်းဆွေးနွေးကြပါရန်၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ တစ်တပ်တစ်အား ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြပါရန်နှင့် လူ့ဘောင်အဖွဲ့အစည်းအတွက် အကျိုးပြုသော အနာဂတ်ခေါင်းဆောင်များ ဖြစ်လာစေရေး ကြိုးစားဆောင်ရွက်ကြပါရန် ယနေ့နံနက်က နေပြည်တော် မင်္ဂလာသီရိဟိုတယ်တွင် ကျင်းပပြုလုပ်သည့် ဆယ်ကျော်သက် လူငယ်များညီလာခံတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်မြတ်အေးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ နေပြည်တော်၊ အမရာဟိုတယ်၌ ကျင်းပပြုလုပ်သည့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ (၆၄) ကြိမ်မြောက် CEDAW ကော်မတီတွင် မြန်မာနိုင်ငံ၏ စတုတ္ထနှင့် ပဉ္စမအကြိမ် ပူးတွဲအစီရင်ခံစာ တင်သွင်းခြင်းအပေါ် သွားရောက်ဖြေကြားရန် ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးမှ တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ UN Women မှ တာဝန်ရှိသူများ၊ အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့်ကလေးသူငယ်ဆိုင်ရာကော်မတီမှ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ သက်ဆိုင်ရာဝန်ကြီးဌာနများမှ CEDAW ရေးသားရေး အဖွဲ့ဝင်များ၊ လူမှုရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး၊ အလုပ်ရုံဆွေးနွေးပွဲဆက်လက်ကျင်းပရာ အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများ မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကော်မရှင်၊ ဖိလစ်ပိုင်နိုင်ငံမှ ပါမောက္ခ Ms. Aurora Jauate de dios မှ ဦးဆောင်ပြီး ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။