နိုဝင်ဘာ ၃ ၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယမန်နေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ဧည့်ရိပ်သာခန်းမ၌ တောင်တန်း သာသနာပြုဒီးမော့ဆိုမြို့မပရဟိတကျောင်းအတွက် အရေးပေါ်စားနပ်ရိက္ခာဖိုးငွေများထောက်ပံ့ခြင်းနှင့် ကယား ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေသော ဝန်ကြီးဌာန၏ ဝန်ထမ်းများနှင့်တွေ့ဆုံခြင်းတို့ကို ဆောင်ရွက်ခဲ့ပါ သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကယားပြည်နယ်လွိုင်ကော်မြို့သို့ ရောက်ရှိစဉ် ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက ဒီးမော့ဆိုမြို့၊ တောင်တန်းသာသနာပြုဒီမော့ဆို မြို့မပရဟိကျောင်းတွင် ရင်ခွင်မဲ့ ကလေးငယ်များ၊ ဆင်းရဲနွမ်းပါသော ကလေးငယ်များအား ကျွေးမွေးစောင့်ရှောက်ထားကြောင်း၊ သူငယ်တန်းမှ တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ကျောင်းသား၊ ကျောင်းသူ(၁၂၀)ဦးရှိကြောင်းနှင့် စားနပ်ရိက္ခာလိုအပ်ချက်များ အတွက် တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က ပရဟိတကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ များအတွက် အရေးပေါ်စားနပ်ရိက္ခာ (ဆန်၊ ဆီ၊ ပဲ) (၃)လစာအတွက် ထောက်ပံ့ ငွေကျပ် (၇၂)သိန်းကို ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ထံသို့ ပေးအပ်ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကယားပြည်နယ်အတွင်း တာဝန်ထမ်း ဆောင်နေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၏ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ မိမိတို့ဝန်ကြီးဌာနသည် ပြည်သူများ၏ လူမှုရေးရာအခက်အခဲများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးရသည့်အတွက် ပြည်သူများနှင့် ထိတွေ့ဆက်ဆံသည့် နေရာတွင် စေတနာ၊ မေတ္တာ၊ ကိုယ်ချင်းစာစိတ်များဖြင့် ဆောင်ရွက်ပေးစေလိုကြောင်း၊ မိမိတို့ဝန်ထမ်းများအနေဖြင့် စောင့်ထိန်းရမည့်ကျင့်ဝတ်၊ ထမ်းဆောင်ရမည့်တာဝန်၊ လိုက်နာရမည့်စည်းကမ်းများ ကို အမြဲသိရှိ အလေးထားစေလိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် မည်သည့်နေရာဒေသတွင် တာဝန်ထမ်းဆောင် နေရသည်ဖြစ်စေ ကြိုးစားမှု၊ သင်ယူမှုများကို အမြဲလုပ်ဆောင်၍ မိမိတို့၏ တိုးတက်မှုကို ရှာဖွေနေကြရမည်ဖြစ်ကြောင်း၊ ကယားပြည်နယ်တွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းအများစုသည် နယ်ခံတိုင်းရင်းသား၊ တိုင်းရင်းသူများဖြစ်ကြသည့်အတွက် နိုင်ငံတော်က ဦးစားပေးဆောင်ရွက်နေသော တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နေ ကြခြင်းဖြစ်၍ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဝန်ထမ်းများ၏ ကြုံတွေ့နေရသော အခက်အခဲများကို မေးမြန်းပြီး ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက ပြန်လည်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြ ကြောင်း သတင်းရရှိပါသည်။
#hl1
#npw_nov2019
Source: MOSWRR