အောက်တိုဘာ ၃၁ ၊ ရန်ကုန်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် ဦးသူရဆန်းအောင် ဦးဆောင်သော ဟိန္ဒူလူငယ်အဖွဲ့ (Hindu Youth Society )နှင့်တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် ဟိန္ဒူလူငယ်အဖွဲ့ (Hindu Youth Society)က လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ လှုပ်ရှားဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဤလုပ်ငန်းစဉ်များသည် ရေရှည် ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် လက်ဆင့်ကမ်းတာဝန်များ ရယူလျက် ဆက်လက်ကြိုးပမ်းဆောင်ရွက်ရန် အခွင့်အလမ်းများစွာရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် လူငယ်ဖွံ့ဖြိုးရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် တာဝန်ရှိကြောင်း၊ လူငယ်များ၏ အခွင့်အရေးများကို ဖော်ဆောင်ပေးရန် လူငယ်မူဝါဒကို ဆက်စပ်ဝန်ကြီးဌာနများနှင့်ပူးပေါင်းကာ လူငယ်များကိုယ်တိုင်ပါဝင် ရေးဆွဲပြီး မဟာဗျူဟာများချမှတ် အကောင်အထည်ဖော်လျက်ရှိကြောင်း၊ တစ်နိုင်ငံလုံးရှိ လူငယ်များအားလုံး ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ အစိုးရက အားလုံးသာတူညီမျှ ခံစားရရှိရေး ဟူသောမူကို ချမှတ်ဆောင်ရွက်လျက်ရှိရာ လူငယ်များ၏လိုအပ်ချက်များကို ဖော်ထုတ် ဖြည့်ဆည်းရန် အသင့်ရှိကြောင်း၊ လူမျိုး၊ ဘာသာ၊ နေရာဒေသခွဲခြားခြင်းမရှိကြောင်း၊ ယခု ဟိန္ဒူလူငယ်များ၏ ဆောင်ရွက်ချက်များကို သိရှိရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ လူငယ်မူဝါဒသည် လူငယ်များကိုယ်တိုင် လူငယ်များ၏ လိုအပ်ချက်များကို ကဏ္ဍ(၁၆)ခု ဖြင့် ဖော်ပြထားရာ အကောင်အထည်ဖော်ရာတွင် လူမျိုး၊ ဘာသာ၊ နေရာဒေသအလိုက် မတူညီသော လိုအပ်ချက်များကို ပူးပေါင်းဖြည့်ဆည်းဆောင်ရွက်ကြမည်ဖြစ်ရာ ဟိန္ဒူလူငယ်များအနေဖြင့် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် လူငယ်များက ရပ်တည်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုများတွင် ကြုံတွေ့နေရသော အခက်အခဲများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ အားလုံးပူးပေါင်းဆောင်ရွက်မှုဖြင့် လက်တွေ့ ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1
#ygn_0ct2019
Source: MOSWRR