အောက်တိုဘာလ ၃၀ ၊ နေပြည်တော်
အမျိုးသားအဆင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒရေးဆွဲရေး လုပ်ငန်းစဉ်မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက နေပြည်တော် Park Royal ဟိုတယ်၌ ကျင်းပရာ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာမူဝါရေးဆွဲရေး ဦးဆောင် ကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမျိုးသားအဆင့် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒရေးဆွဲရေးလုပ်ငန်း စဉ်သည် ကလေးသူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွားကို လက်တွေ့ကျကျဖော်ဆောင်ပေးရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ကလေးသူငယ် များအကောင်းဆုံးအကျိုးစီးပွားအတွက် ခေတ်ဆက်ဆက် ဆောင်ရွက်ခဲ့သည့် ကိစ္စများစွာရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ် အခွင့်ရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း − UNCRC အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ရေး ထိုးခဲ့ကြောင်း၊ ကလေးသူငယ်ဥပဒေကို ၁၉၉၃ခုနှစ်မှ စတင်ရေးဆွဲပြဋ္ဌာန်းခဲ့ကြောင်း၊ မိမိတို့အစိုးရလက်ထက်တွင် ကလေးသူငယ်များ၏အခွင့်အရေးကို ဖော်ဆောင်ပေးရာ၌ UNCRC စံချိန်စံနှုန်းများ၊ ပြောင်းလဲလာသော ခေတ်စနစ်များနှင့် ကိုက်ညီအောင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပေဒ (၂၀၁၉) ကို အသစ်ရေးဆွဲ ပြဋ္ဌာန်းပေးခဲ့ ကြောင်း၊ ကလေးသူငယ်များမဖြစ်မနေရရှိရမည့် အခွင့်အရေး (၄)မျိုးဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက် ခံပိုင်ခွင့်နှင့် လူမှုအသိုက်အဝန်းအတွင်း ပါဝင်ဆောင်ရွက်ခွင့် တို့ကို ဖော်ဆောင်ပေးရန်ဖြစ်ကြောင်း၊ ဥပဒေရှိပြီးဖြစ်သည့်အတွက် ဥပဒေ သက်ရောက်မှုရှိအောင် နည်းဥပဒေကို ဆက်လက်ရေးဆွဲလျက်ရှိကြောင်း၊ ထို့အပြင် တိကျမှန်ကန်ပြီး လက်တွေ့အကောင်အထည် ဖော်ဆောင် ရွက်နိုင်ရန် မူဝါဒတစ်ရပ် လိုအပ်ပါကြောင်း၊ မူဝါဒသည် လက်တွေ့ဆောင်ရွက်ရရန် လမ်းညွှန်ချက် (Guide line) ဖြစ်ပါကြောင်း၊ အဆိုပါ မူဝါဒသည် ကလေးသူငယ်များအား ကာကွယ်ပေးရန် အကောင်းဆုံးလက်နက်ကိရိယာတစ်ခုလည်းဖြစ်ပြီး ကလေးသူငယ်များအား အကြမ်း ဖက်ခြင်း၊ လွဲမှားစွာပြုမူခြင်း၊ လစ်လျူရှုခြင်းနှင့် ခေါင်းပုံဖြတ်ခြင်းများကြောင့် ထိခိုက်မှုများဖြစ်ခြင်းမှ ကာကွယ်ပေးရန်ဖြစ်ကြောင်း၊ မူဝါဒ ရေးဆွဲရာတွင် မူဝါဒရေးဆွဲရေးဦးဆောင်ကော်မတီသည် ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ဖော်ဆောင်ပေးရန် သေချာစေမည့် ထိရောက်သော အကြံပေးမှုများပေးခြင်း၊ ဆက်စပ်ဝန်ကြီးဌာနများ၊ ကလေးသူငယ်များ၏အကျိုးစီးပွားကို စိတ်ပါဝင်စားစွာ ဆောင်ရွက်ပေး နေသည့် အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် မူဝါဒရေးဆွဲရေး နည်ပညာဆိုင်ရာလုပ်ငန်း ကော်မတီအဖွဲ့နှင့် ချိတ်ဆက်ပူးပေါင်းညှိနှိုင်းခြင်းများ ကို ဆောင်ရွက်ပေးကြရရန်ဖြစ်ကြောင်း၊ အဓိကအားဖြင့် ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်သည့် မူဝါဒ ဖြစ်စေရေးသည် အရေးအကြီးဆုံးအချက်ဖြစ်ပါကြောင်း၊ နိဂုံးချုပ်အားဖြင့် အစိုးရ၏ ဆောင်ရွက်မှုများသည် လူတစ်ဦးချင်း၏ လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးရန် အခြေခံကျသော အချက်များကိုစုစည်း၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် UNICEF ဌာနေကိုယ်စားလှယ် Ms June Kunigi က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပြဋ္ဌာန်းနိုင်ခြင်းနှင့် အမျိုးသား အဆင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒရေးဆွဲရေးလုပ်ငန်စဉ်အတွက် ဂုဏ်ယူပါကြောင်း ပြောကြားခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးနှင့် တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။
ဆက်လက်ပြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒရေးဆွဲရေးနှင့် ပတ်သက်၍ ရှင်းလင်းခြင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအားရှင်းလင်းခြင်းကို ဆောင်ရွက်ခဲ့ပြီး မူဝါဒရေးဆွဲရေးနှင့် ပတ်သက်၍ အထွေထွေဆွေးနွေးခြင်း၊ အကြံပြုခြင်းများကို ဆက်လက်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#hl1_otr
Source: MSWRR