ASEAN-ERAT အဖွဲ့၏ ကနဦးလိုအပ်ချက် ဆန်းစစ်လေ့လာမှုအစီရင်ခံစာပါ အကြံပြုချက်များ အကောင်အထည်ဖော်ရေးနှင့်စပ်လျဉ်းသည့် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းအဝေးကျင်းပမှုသတင်း

30_Pic_01

အောက်တိုဘာ ၂၉၊  နေပြည်တော်

ASEAN-ERAT အဖွဲ့၏ ကနဦးလိုအပ်ချက်ဆန်းစစ်လေ့လာမှုအစီရင်ခံစာပါ အကြံပြုချက်များ အား အကောင်အထည်ဖော်ရေးအတွက် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရှိ အရေးပေါ် အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီများပေးအပ်ရေး၊ ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်တိုးတက်မှု အချို့ကို နည်းပညာ ဆိုင်ရာလုပ်ငန်းအဖွဲ့ဝင်များအား အသိပေးပြောကြားလိုပါကြောင်း၊ များမကြာမီကပင် ရခိုင်ပြည်နယ် အတွင်း ပူးတွဲဆန်းစစ်ချက်နှင့် ပြည်တွင်းနေရပ်စွန့်ခွာသူ များပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာတို့ကို အတည်ပြုနိုင်ခဲ့ ပါကြောင်း၊ နောက်ဆက်တွဲအနေဖြင့် ဆက်လက်အကောင်အထည်ဖော်ရမည့် လုပ်ငန်းများ ရှိပါကြောင်း၊ ထို့အပြင် UNDP နှင့် UNHCR တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နားလည်မှုစာချွန်လွှာအရ ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများလည်းရှိပါကြောင်း၊ သို့ဖြစ်ရာ ကနဦးလိုအပ်ချက် ဆန်းစစ်လေ့လာ မှုအစီရင်ခံစာပါ ဦးစားပေးစီမံကိန်းများကို ရွေးချယ်ရာတွင် လက်ရှိဆောင်ရွက်ဆဲ စီမံကိန်းများနှင့် ထပ်မနေစေရန် စနစ်တကျစိစစ်ဆောင်ရွက်ရမည်ဖြစ်ပြီး လက်ရှိလိုအပ်ချက်များကို အထိရောက်ဆုံး ဖြည့်ဆည်းပေးနိုင်ရန်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မကြာသေးမီက ကျင်းပပြုလုပ်ခဲ့သည့် ရခိုင် ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချ ထားရေးနှင့်ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ၏ (၂)နှစ်ပြည့်အခမ်းနားတွင်  နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောကြားခဲ့သည့် အမှာစကားအချို့ကို အစည်းအဝေးတွင် မျှဝေလိုပါကြောင်း၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ပမှ ပံ့ပိုးပေးခဲ့သည့် အကူအညီများအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အသိအမှတ်ပြုကျေးဇူးတင်ပါကြောင်း၊ ထို့အပြင် နိုင်ငံတွင်းပြဿနာရပ်များကို အောင်မြင်စွာ ပူးပေါင်းဖြေရှင်း ဆောင်ရွက်ခြင်းအားဖြင့်  ကမ္ဘာလုံးဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်ရန် အတွေ့အကြုံများစွာ ရရှိနိုင်သည်ကို ပြောကြားခဲ့ပါကြောင်း၊ မိမိအနေဖြင့် ယနေ့အစည်းအဝေးတွင် ဆွေးနွေးလိုသည်မှာ ၂၀၁၇ခုနှစ်ကစတင်ခဲ့သည့်ပဋိပက္ခများကြောင့် မိမိတို့အနေဖြင့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ရ ပါကြောင်း၊ အဆိုပါစိန်ခေါ်မှုများကပင် မိမိတို့အတွက် အတွေ့အကြုံမျိုးစုံကို ရရှိခဲ့ပြီး ၎င်းစိန်ခေါ်မှုများကြောင့်ပင် မိမိတို့အနေဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပြီး မိမိတို့ကို ပိုမိုကြံ့ခိုင်လာစေခဲ့ပါကြောင်း၊ မိမိတို့ပြည်ထောင်စုသည် မိသားစုတစ်ခုဆိုလျှင်လည်း မမှားပါကြောင်း၊ မိသားစုအတွင်း တစ်ဦးတစ်ယောက်က အဆင်မပြေလျှင် ကျန်မိသားစုဝင်များက စောင့်ရှောက်ကူညီရမည်ဖြစ်ပါကြောင်း၊ လိုအပ်ပါက အိမ်နီးချင်းများ၏ အကူအညီကိုပါ ရယူရပါကြောင်း၊ ရခိုင်အရေးကိစ္စသည်လည်း ထိုနည်းတူပင်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အရေးကို အမျိုးသားရေးအဖြစ် အလေးထားဆောင်ရွက်လျက်ရှိရာ ပံ့ပိုးကူညီကြသည့် မိတ်ဖက်နိုင်ငံများနှင့် အာဆီယံတို့ကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ ပြီးခဲ့သည့် ဇူလိုင်လ(၃၀) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပထမအကြိမ် နည်းပညာလုပ်ငန်းအဖွဲ့အစည်းအဝေးအရ သက်ဆိုင်သည့်ဌာနအသီးသီးက ဦးစားပေးလုပ်ငန်းများကို အဆိုပြုတင်ပြထားပြီးဖြစ်ရာ ယနေ့ အစည်းအဝေးတွင် အသေးစိတ်လုပ်ငန်းစဉ်များနှင့် အကောင်အထည်ဖော်မည့် Timeline အစီအစဉ်များ ကိုလည်း ဆွေးနွေးအတည်ပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်နှင့် စပ်လျဉ်း ၍လည်း လက်ရှိအချိန်အထိ တစ်ဖက်နိုင်ငံမှ မိမိအစီအစဉ်ဖြင့် ပြန်လည်ဝင်ရောက်လာသူ စုစုပေါင်း(၃၆၀)ကျော်ကို လက်ခံရရှိပြီးဖြစ်ပါကြောင်း၊ ၎င်းတို့အတွက် နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ၊ လူသားချင်းစာနာထောက်ပံ့မှုလုပ်ငန်းများနှင့် ပြန်လည်နေရာချ ထားရေးလုပ်ငန်းများကို မိမိတို့ဘက်မှ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြီးခဲ့သည့် (၂၇)ရက်နေ့တွင်လည်း ရခိုင်ပြည်နယ် အတွင်း ပေါင်းစပ်ညှိနှိုင်းရေးအစည်းအဝေးကို ဆောင်ရွက်ခဲ့ပြီး ပဋိပက္ခများကြောင့် မိမိတို့အိမ်များကို စွန့်ခွာကြသော်လည်း တစ်ဖက်နိုင်ငံသို့ ထွက်ခွာခြင်းမရှိသူများအား မူလနေရပ်ဒေသများတွင် ပြန်လည်နေရာချထားပေးနိုင်ရေးအတွက် နေအိမ်များပြန်လည်ပြုပြင်ခြင်း၊ အသစ်တည်ဆောက် ခြင်းနှင့် အခြားသောလိုအပ်ချက်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် စီမံဆောင်ရွက်လျက် ရှိပါကြောင်း၊ နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့ အနေဖြင့် အာဆီယံသို့ အဆိုပြုမည့်စီမံကိန်းများတွင် ယင်းကိစ္စကိုပါ ထည့်သွင်းစဉ်းစားဆောင်ရွက်စေလိုပါကြောင်း၊ ယနေ့အစည်းအဝေးမှ ပြည်သူလူထု အတွက် အကျိုးရှိသည့်ရလဒ်ကောင်းများ ပေါ်ထွက်နိုင်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း ဆွေးနွေး ပြောကြားခဲ့ပါသည်။

ဆက်လက်၍ နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့ဝင်များက သက်ဆိုင်သည့်ကဏ္ဍအလိုက် အဆိုပြုစီမံကိန်းများကို ဆွေးနွေးတင်ပြခဲ့ရာ အာဆီယံဘက်မှ သိရှိလိုသည်များကို မေးမြန်းခဲ့ ကြပြီး  နည်းပညာဆိုင်ရာလုပ်ငန်း အဖွဲ့ဥက္ကဌ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်၊ ဒေါက်တာကိုကိုနိုင်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါ သည်။

ဒုတိယအကြိမ်နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့ အစည်းအဝေးတွင် ဦးစားပေးစီမံကိန်း (၇)ခု အား ပထမအဆင့်အဖြစ် ရွေးချယ်သတ်မှတ်ခဲ့ပြီး စတင်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

#hl1

#npw_oct2019

Source: MSWRR

Sign Up

Upcoming Events