မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ စတုတ္ထအကြိမ်(၂/၂ဝ၁၉) အစည်းအဝေးကျင်းပ

25_Pic_02

မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ စတုတ္ထအကြိမ် (၂/၂ဝ၁၉)အစည်းအဝေး ကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ ပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်မိန့်ခွန်းပြောကြားရာတွင် ယခုကျင်းပပြုလုပ်သည့် မသန်စွမ်းသူများ ၏အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေးသည် (၂၀၁၉)ခုနှစ်အတွက် ဒုတိယအကြိမ် ကျင်းပခြင်းဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၏ လုပ်ငန်းတာဝန် များကို အပြည့်အဝ ဖော်ဆောင်ပေးရန်အတွက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများကို လက်တွေ့ကျကျအကောင်အထည် ဖော်ရန်အတွက် လုပ်ငန်းကော်မတီ၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ လုပ်ငန်းကော်မတီအောက်တွင် ဆပ်ကော်မတီ(၈)ခု အပြင်  မသန်စွမ်းသူများ၏တရားမျှတမှုရရှိပိုင်ခွင့်ဆိုင်ရာ ဆပ်ကော်မတီကိုလည်း ထပ်ဖြည့် ဖွဲ့စည်းထားပါကြောင်း၊ ဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်ပြီးလုပ်ငန်းများအကောင်အထည်‌ဖော်ရာတွင် လိုအပ်ချက်များကို မှတ်သား လေ့လာထားရန်လိုအပ်ပါကြောင်း၊ တိုင်းရင်းသားမသန်စွမ်းသူများ၏ အခွင့်အရေးများကိုလည်း ထိရောက်စွာ ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ နှစ်ပတ်လည်အစီရင်ခံစာနှင့်ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာန က ဦးဆောင်ပြီး ဆောင်ရွက်နေပါကြောင်း၊ ဘဏ္ဍာငွေနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရက ဦးစားပေး ကဏ္ဍအနေဖြင့် (၃)ဘီလီယံ မတည်ပေးထားပါကြောင်း၊ မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းအတွက်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကျန်းမာရေးဆရာဝန်ကြီး များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အနာဂတ်တွင်မသန်စွမ်းသူများအတွက် အတားအဆီးကင်းသော လူ့အခွင့်ရေးများဖော်ဆောင်ရန်အတွက် ဆက်လက်၍ ကြိုးစားဆောင်ရွက် သွားရန်ဖြစ်ပါကြောင်း တိုက်တွန်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ဆွေးနွေးရာတွင် မသန်စွမ်းသူများ၏အခွင့်အရေးများ ဖော်ဆောင်ရန်အတွက် အမျိုးသား ကော်မတီ၊ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများဖွဲ့စည်းဆောင်ရွက်ရာတွင် ပြန်လည် ထူထောင်ရေးဦးစီးဌာနမှ ဗဟိုဌာနအဖြစ် ဆောင်ရွက်နေရသော်လည်း ဝန်ထမ်းအင်အား အနည်းစုဖြင့် ဆောင်ရွက်နေရခြင်းဖြစ်သည့် အတွက် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်နေရသည်များလဲရှိပါကြောင်း၊ မသန်စွမ်းသူများအပေါ် ခေါ်ဝေါ်သုံးစွဲမှုဝေါဟာရ အသုံးအနှုန်းများနှင့် စပ်လျဉ်း၍ မသန်စွမ်းမှုဆိုင်ရာ ဝေါဟာရအသုံးအနှုန်းများ လက်စွဲလမ်းညွှန်စာအုပ်အား ထုတ်ဝေထားပါကြောင်း၊ ဝေါဟာရအသုံးအနှုန်းနှင့်ပတ်သက်၍ မီဒီယာ၏ အခန်းကဏ္ဍသည်လည်း အရေးကြီးပါကြောင်း၊ မသန်စွမ်းသူများအတွက် အခွင့်အရေးများအား အများနည်းတူ လက်လှမ်းမီရယူသုံးစွဲနိုင်ရေးအတွက် Accessible ဖြစ်ရန်လည်း လိုအပ်ပါကြောင်း မှာကြားဆွေးနွေးခဲ့ပါသည်။

ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက မသန်စွမ်းသူများ ၏အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ တတိယအကြိမ်(၁/၂ဝ၁၉) အစည်း အဝေးဆုံးဖြတ်ချက် ဆောင်ရွက်ပြီးစီးမှုများနှင့် ရှေ့လုပ်ငန်းစဉ်များအား Power Point ဖြင့် ရှင်းလင်းဆွေးနွေးပြီးနောက် အစည်းအဝေးတက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊ ပြန်လည်ထူထောင် ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက် အတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl1

#npw_0ct2019

Source:           MOSWRR

အောက်တိုဘာ ၂၅ ၊ နေပြည်တော်

Sign Up

Upcoming Events