အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းက ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံအတွင်းရှိ သဘာဝဘေးအန္တရာယ် ကျရောက်ခံစားခဲ့ရသော ဒေသများအတွင်းရှိ ဘေးသင့်ပြည်သူများအတွက် လှူဒါန်းငွေများကို လက်ခံခဲ့ပါသည်။
ရှေးဉီးစွာ အလှူရှင်များကိုယ်စား အလှူရှင်တစ်ဦးက လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးကို ဟန့်တားနှောက်ယှက်နိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင်ဆောင်ရွက်ခြင်း၊ ကြိုတင် ကာကွယ်ခြင်းနှင့် ဖြစ်ပွားပါက အလျင်အမြန်တုန့်ပြန်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ လိုအပ်သော ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း အလျင်အမြန်ဆောင်ရွက်လျက်ကြောင်း၊ မိမိတို့နိုင်ငံ၏ ဒေသတစ်ခုခု၌ ပြည်သူများ ဘေးအန္တရာယ်တစ်ခုခုကျရောက် ခံစားရပါက ကူညီပံ့ပိုးမှုများကို အစိုးရနှင့်အတူ နေရာဒေသ၊ နယ်ပယ်အသီးသီးက ပြည်သူများက ပူးပေါင်းကူညီပေးလျက် ရှိသည့်အတွက် ဝမ်းမြောက် ရပါကြောင်းနှင့် ယနေ့လှူဒါန်းမှုများသည် ဘေးဒဏ်ခံစားခဲ့ ရသော ပြည်သူများအတွက် တိုက်ရိုက်အကျိုးရှိစေမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံအတွင်းရှိ သဘာဝဘေးအန္တရာယ်ကျရောက်ခံစားခဲ့ရသော ဒေသများအတွင်းရှိ ဘေးသင့်ပြည်သူများအတွက် ကူညီထောက်ပံ့မှုများနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် ဦးအောင်သန်း + ဒေါ်ဌေးဌေး၊ သားဒေါက်တာ စည်သူအောင်နှင့်သမီးများ (စွမ်းအားရာထူးဝင်ခွင့်သင်တန်းနှင့် အင်္ဂလိပ်စာသင်တန်း) မိသားစုတို့က ငွေကျပ် (၁၀)သိန်း၊ ဒေါက်တာစည်သူအောင်နှင့် တပည့်များ (စွမ်းအား ရာထူးဝင်ခွင့်သင်တန်းနှင့် အင်္ဂလိပ်စာသင်တန်း၊ ပျဉ်းမနား) တို့က ငွေကျပ် ၂,၀၂၂,၀၀၀ (နှစ်ဆယ်သိန်း နှစ်သောင်းနှစ်ထောင်တိတိ) တို့ကို အသီးသီးပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#hl1
#npw_0ct2019
Source: MOSWRR
++++++++++++++++++++
အောက်တိုဘာ ၂၂ ၊ နေပြည်တော်