ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs)ပြန်လည်နေရာချထားမှု အကောင်အထည် ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ခေါင်းဆောင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး၊ ဦးစိုးအောင် အဖွဲ့ဝင်များဖြစ်ကြသော ကချင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီး နေလင်းထွန်း၊ လူမှုရေးဝန်ကြီး၊ ဦးနေဝင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီးထွန်းနေလင်း၊ လုပ်ငန်းအဖွဲ့အတွင်းရေးမှူး၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဝင်းနိုင်ထွန်းနှင့် တာဝန်ရှိသူများသည် အောက်တိုဘာ (၁၉)ရက်နေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ မြို့သစ်ကြီး ရပ်ကွက်ရှိ ဂျာမိုင်ကောင်း RC စခန်းသို့ ရောက်ရှိပြီး တိုက်ပွဲရှောင်ပြည်သူများနှင့်တွေ့ဆုံကာ ၎င်းတို့၏ မူလနေရပ်များတွင် ပြန်လည်နေရာချထားရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ တွေ့ဆုံပွဲ၌ မြစ်ကြီးနား မြိို့နယ် အုပ်ချုပ်ရေးမှူးနှင့် ချီဖွေမြို့နယ်အုပ်ချုပ်ရေးမှူးတို့က ပြန်လည် အခြေချနေထိုင်ကြမည့် ကျေးရွာများ၏ လုံခြုံရေး ၊ မိုင်းရှင်းလင်းရေး ၊ နေအိမ်များ ဆောက်လုပ်ပေးရေး ၊ သောက်သုံးရေရရှိရေး ၊ လျှပ်စစ်မီးရရှိရေး ၊ ပညာရေး ၊ ကျန်းမာရေးကိစ္စရပ်များ ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် လိုအပ်သည် များ ထောက်ပံ့ပေးနိုင်ရေး ကိစ္စရပ်များကို ဆောင်ရွက်ပေးစေလိုပါကြောင်းစသည်တို့ကို ဆွေးနွေး ပြောကြား ကြပါသည်။
ဒုတိယဝန်ကြီးက ဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းရာတွင် တိုက်ပွဲရှောင်ပြည်သူများ ပြန်လည်နေရာချထားရေးအတွက် လုပ်ငန်းအဖွဲ့ဖွဲ့စည်းပြီး ဆောင်ရွက်နေပါကြောင်း၊ မိမိမှ အဖွဲ့ခေါင်းဆောင် အဖြစ်ဦးဆောင်၍ ပြန်လည်နေရာချထားရေးအတွက် အဓိကလိုအပ်ချက်များဖြစ်သည့် စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ မိုင်းရှင်းလင်းရေး၊ မိမိတို့၏ မြေယာများ ပြန်လည်ဖော်ထုတ်ရေး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဆောင်ရွက်ပေးရေး စသည်အချက်များကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)၏ လမ်းညွှန်ချက်နှင့်အညီ ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ တိုက်ပွဲရှောင် ပြည်သူများမှလည်း ပူးပေါင်းပါဝင်ခြင်းဖြင့် လုပ်ငန်းများ ပိုမိုမြန်ဆန်စေမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ ပါသည်။
ထို့နောက် စခန်းရှိ ကိုယ်ဝန်ဆောင်မိခင် (၂) ဦးနှင့် မွေးကင်းစ ကလေးငယ် (၄) ဦးအတွက် (၁) ဦးလျှင် (၃၀၀၀ဝိ/-)နှုန်းဖြင့်(၁၈၀၀၀ဝိ/-)၊ ရိက္ခာဖိုးငွေ(၂၃၉၄၀ဝိ/-)တို့ကို ဒုတိယဝန်ကြီးနှင့်အဖွဲ့က ထောက်ပံ့ပေးအပ်ရာ စခန်းတာဝန်ခံနှင့်အဖွဲ့က လက်ခံရယူခဲ့ပါသည်။ ဆက်လက်၍ စခန်းအတွင်းရှိ မူကြိုကျောင်းမှ ကလေးငယ်များ အား ကစားစရာအရုပ်များနှင့် မုန့်များကို ဝေငှပေးခဲ့ပါသည်။
ဂျာမိုင်ကောင်း(RC) စခန်းမှ တာလောကြီးကျေးရွာသို့ အိမ်ထောင်စု(၅၉)စုမှ လူဦးရေ(၃၁၂)ဦး၊ ချီဖွေမြို့နယ် ကန်ပိုင်ယန်ရပ်ကွက်သို့ အိမ်ထောင်စု (၃၇)စု မှ လူဦးရေ (၁၇၃)ဦးနှင့် ရစ်ဂျော်ကျေးရွာသို့ အိမ်ထောင်စု (၁၂)စုမှ လူဦးရေ(၆၄)ဦးတို့သည် မိမိတို့၏ မူလနေရပ် ကျေးရွာများသို့ ပြန်လည်အခြေချ နေထိုင်ကြမည်ဖြစ်ကြောင်း သိရှိရပါသည်။
နေ့လည်ပိုင်းတွင် အဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝိုင်းမော်မြို့၊ မိုင်းနား(RC) စခန်းသို့ ရောက်ရှိခဲ့ပြီး ဝိုင်းမော်မြို့နယ်၊ ဒဘတ်ယန်ကျေးရွာအုပ်စုသို့ တိုက်ပွဲရှောင်အိမ်ထောင်စု (၃၄)စုမှ လူဦးရေး (၂၁၅)ဦးကို ပြန်လည်အခြေချနေထိုင်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဝိုင်းမော်မြို့နယ် အုပ်ချုပ်ရေးမှူးက ဆွေးနွေးတင်ပြပါသည်။ ထို့နောက် မိမိနေရပ်များသို့ ပြန်လည်အခြေချနေထိုင်မည့် တိုက်ပွဲရှောင်ပြည်သူများက လိုအပ်ချက်များကို ဆွေးနွေးကြရာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဆောင်ရွက်ပေးမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ မိုင်းနား(RC)စခန်းရှိ မွေးကင်းစကလေးငယ် (၂၀)ဦး၊ ကိုယ်ဝန်ဆောင်မိခင် (၁၆)ဦးတို့ အတွက် (၁)ဦးလျှင် (၃၀၀၀ဝိ/-)နှုန်းဖြင့် (၁၀၈၀၀၀ဝိ/-)၊ လူမှုရေးပင်စင် အတွက် သက်ကြီးဘိုးဘွား (၇)ဦးကို တစ်ဦးလျှင် (၃၀၀၀ဝိ/-) ကျပ်နှုန်းဖြင့် (၂၁၀၀၀ဝိ/-) ၊ ရိက္ခာဖိုးငွေ (၁၅၂၇၃၀ဝိ/-) ကို လည်းကောင်း၊ မိုင်းနား(KBC)စခန်းရှိ မွေးကင်းစကလေးငယ် (၁၅)ဦး၊ ကိုယ်ဝန်ဆောင်မိခင် (၃၅)ဦးတို့အတွက် (၁)ဦးလျှင် (၃၀၀၀ဝိ/-)နှုန်းဖြင့် (၁၅၀၀၀၀ဝိ/-) ရိက္ခာဖိုးငွေ (၂၅၄၉၇၀ဝိ/-)ကိုလည်းကောင်း၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့က ထောက်ပံ့ပေးအပ်ရာ စခန်းတာဝန်ခံများနှင့်အဖွဲ့က လက်ခံရယူကြပါသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဝိုင်းမော်မြို့နယ် တာလောကြီးကျေးရွာသို့ သွားရောက်ကာ မူလနေရပ်သို့ ပြန်လည်အခြေချ နေထိုင်ကြမည့် တိုက်ပွဲရှောင်ပြည်သူများ၏ မြေနေရာများ၊ နေအိမ်များကို သွားရောက်ကြည့်ရှုခြင်း၊ တာလောကြီးကျေးရွာတွင် နေထိုင်လျှက်ရှိသည့် ဒေသခံများနှင့်တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်ကာ မြစ်ကြီးနားမြို့တွင် ညအိပ်အခြေပြုခဲ့ပါသည်။
၂၀-၁၀-၂၀၁၉ ရက်နေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဝိုင်းမော်မြို့နယ် ဒဘတ်ယန်ကျေးရွာသို့ သွားရောက်ကာ မူလနေရပ်သို့ ပြန်လည်အခြေချ နေထိုင်ကြမည့် တိုက်ပွဲရှောင်ပြည်သူ များ၏ မြေနေရာများ၊ နေအိမ်များ၊ တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်ပေးနိုင်မည့် အခြေအနေများ၊ ကျေးလက်ဆေးပေးခန်းနှင့် မူလတန်းကျောင်းနေရာများ၊ ရွာတွင်းအူကြောင်းလမ်း ရှင်းလင်းပေးနေမှု အခြေအနေများကို ကြည့်ရှုခဲ့ပြီး ရှင်းလင်းရာတွင် လိုအပ်သည့် စက်ယန္တရားများ လိုအပ်မှုအတွက် ပြည်နယ်အစိုးရအဖွဲ့က ဆောင်ရွက်ပေးရေး၊ လိုအပ်သည့် စက်သုံးဆီအတွက် တွက်ချက်တင်ပြရေးကိစ္စများကို ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။ ဆက်လက်၍ တိုက်ပွဲရှောင်ပြည်သူများ ပြန်လည်နေထိုင်လျှက်ရှိသည့် နန်ဆန်ယန် ကျေးရွာသို့ သွားရောက်ကာ လက်ရှိနေထိုင်လျှက်ရှိသည့်အခြေအနေများ၊ လိုအပ်ချက်များ၊ အခက်အခဲများ၊ ထပ်မံဖြည့်ဆည်းပေးရမည့်လိုအပ်ချက်များကို မေးမြန်းဆွေးနွေးခဲ့ပြီး မွေးကင်းစကလေးငယ် (၂)ဦး၊ ကိုယ်ဝန်ဆောင်(၆)ဦးတို့အတွက် (၁)ဦးလျှင် (၃ဝဝဝဝိ/-)နှုန်းဖြင့် (၁၈ဝဝဝဝိ/-)၊ အိမ်ထောင်စု (၉၈)စု ၊ လူဉီးရေ (၅၂၆) ဦးအတွက် စားနပ်ရိက္ခာ (၃)လစာအတွက် ( ၁၈၇၇၇၄၅ဝိ/-)၊ ကက်သလစ်ဘုရားကျောင်းဝန်းအတွင်း ပညာသင်ကြားလျှက်ရှိသည့် ကျောင်းသား၊ ကျောင်းသူ (၁၄၂) ဦးနှင့် ဆရာမ (၉)ဦးအတွက် ရိက္ခာဖိုးငွေ (၁၂၇၀၀၀ဝိ/-) ကို ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ရာ ကျေးရွာ အကျိုးဆောင်တာဝန်ခံ က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် ကျေးရွာအတွင်းရှိ ကက်သလစ်ဘုရား ကျောင်းဝန်းအတွင်း ဆောက်လုပ်လျှက်ရှိသည့် ကျောင်းသူကျောင်းသားများနေထိုင်ရန် ဘော်ဒါဆောင်အတွက် စိန်မောင်နှမ ကုမ္မဏီလီမိတက်က အလှူငွေ ကျပ်သိန်း (၁၀၀) ကို ပေးအပ်လှူဒါန်းရာ ဘုရားကျောင်းတာဝန်ရှိသူက လက်ခံရယူခဲ့ပါသည်။ ဆက်လက်၍ တိုက်ပွဲရှောင်ပြည်သူများ ပြန်လည်နေရာ ချထားမည့် ဒေါ့ဖုန်းယန်မြို့နယ်အတွင်းရှိ၊ နားလုံ၊ တုံဟုန်းယန်ကျေးရွာများ၊ မိမိဆန္ဒနှင့်အညီ ပြန်လည်နေထိုင် လျှက်ရှိသည့် လွယ်မောက်ယန်ကျေးရွာ နှင့် ဒိန်ဂါယန်ကျေးရွာများသို့ ၀င်ရောက် ကြည့်ရှုခဲ့ပါသည်။
နေ့လည်ပိုင်းတွင် မံစီမြို့နယ် မုန်ဒိန်ပါကျေးရွာသို့ သွားရောက်ခဲ့ပြီး မိမိဆန္ဒအရ မူလနေရပ်သို့ ပြန်လည်နေထိုင်လျှက်ရှိသည့် ပြည်သူများနှင့် တွေ့ဆုံခဲ့ကာ အားပေးစကားများပြောကြားခြင်း ၊ လတ်တလော ဆောင်ရွက်ရမည့် ကိစ္စများ၊ ရေတို၊ ရေရှည်စီမံချက်များ ချမှတ်ဆောင်ရွက်ပေးမည့်ကိစ္စများကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ မွေးကင်းစကလေးငယ် (၇)ဦး၊ ကိုယ်ဝန်ဆောင်မိခင်(၄)ဦးနှင့် သက်ကြီးဘိုးဘွား (၁၀)တို့ အတွက် (၁)ဦးလျှင် (၃ဝဝဝဝိ/-)နှုန်းဖြင့် (၆၃၀၀၀ဝိ/-)၊ ရိက္ခာဖိုးငွေ ၊ ကယ်ဆယ်ရေးပစ္စည်းနှင့် ပြောင်းရွေ့စရိတ်များအတွက် စုစုပေါင်း (၁၄,၈၈၂,၅၈၅/-)ကို ထောက်ပံ့ပေးအပ်ရာ ကျေးရွာတာဝန်ခံနှင့်အဖွဲ့က လက်ခံရယူကြပါသည်။
ဆက်လက်၍ မံစီမြို့နယ် မိုင်းခေါင် IDP Camp သို့ရောက်ရှိကြပြီး စခန်းနေပြည်သူများကို အားပေးစကားပြောကြားကာ စခန်းနေအိမ်ထောင်စု (၅၅၅) စု ၊ လူဦးရေ (၂၅၁၄)ဦးအတွက် ရိက္ခာဖိုးငွေ (၅၂၇၉၄၀ဝိ/-) ၊ မွေးကင်းစကလေးငယ် (၅)ဦး၊ ကိုယ်ဝန်ဆောင်မိခင်(၅)ဦးတို့အတွက် (၁)ဦးလျှင် (၃ဝဝဝဝိ/-) နှုန်းဖြင့် (၃၀၀၀၀ဝိ/-)တို့အား ဒုတိယဝန်ကြီးနှင့်အဖွဲ့က ထောက်ပံ့ရာ စခန်းတာဝန်ခံနှင့်အဖွဲ့က လက်ခံရယူခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မံစီမြို့ ၊ ကောင်းရာရပ်ကွက် KBC Camp ရှိ စခန်းနေပြည်သူများနှင့်တွေ့ဆုံကာ အားပေးစကားပြောကြားပြီး မိမိနေရပ်များသို့ ပြန်လည်အခြေချနေထိုင်နိုင် ရေးအတွက် နိုင်ငံတော်က ဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းပြောကြားကာ စခန်းနေအိမ်ထောင်စု (၁၈၅) စု ၊ လူဦးရေ (၈၂၃)ဦးအတွက် ရိက္ခာဖိုးငွေ (၁၇၂၈၃၀ဝိ/-) ၊ မွေးကင်းစကလေးငယ် (၇)ဦး၊ သက်ကြီးဘိုးဘွား (၁၀)ဦးတို့အတွက် (၁)ဦးလျှင် (၃ဝဝဝဝိ/-)နှုန်းဖြင့် (၅၁၀၀၀ဝိ/-)တို့အား ဒုတိယဝန်ကြီးနှင့် အဖွဲ့က ထောက်ပံ့ရာ စခန်းတာဝန်ခံနှင့်အဖွဲ့က လက်ခံရယူခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မံစီမြို့မှ ဗန်းမော်မြို့သို့ ပြန်လည်ထွက်ခွာကာ ဗန်းမော်မြို့တွင် ညအိပ်အခြေပြုခဲ့ကြောင်း သတင်းရရှိပါသည်။ (၁၉-၁၀-၂၀၁၉) နှင့် (၂၀-၁၀-၂၀၁၉) (၂) ရက်တွင် မြစ်ကြီးနားမြို့နယ်၊ ဝိုင်းမော်မြို့နယ်နှင့် မံစီမြို့နယ်များ အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများသို့ ထောက်ပံ့ငွေ စုစုပေါင်း (၅၀,၈၄၄,၁၃၅/-) ကျပ် ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
#hl2
#kcn_0ct2019
မြစ်ကြီးနားမြို့၊ ၁၉/၂၀-၁၀-၂၀၁၉ ရက်နေ့