အောက်တိုဘာ ၁၉၊ ရန်ကုန်
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး သည် ယနေ့နံနက်ပိုင်းက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံး၌ မြန်မာနိုင်ငံအတွင်းရှိ သဘာဝဘေးအန္တရာယ်ကျရောက်ခံစားခဲ့ရသော ဒေသများအတွင်းရှိ ဘေးသင့်ပြည်သူများအတွက် လှူဒါန်းငွေနှင့် ပစ္စည်းများကို လက်ခံခဲ့ပါသည်။
ရှေးဦးစွာ နှင်းဆီရင်ခွင်လူမှုဖောင်ဒေးရှင်းအဖွဲ့၊ ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)က ဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့်ပစ္စည်း များ လာရောက်လှူဒါန်းရခြင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံအတွင်းရှိ သဘာဝဘေးအန္တရာယ်ကျရောက်ခံစားခဲ့ရသော ဒေသများအတွင်းရှိ ဘေးသင့်ပြည်သူများအတွက် ကူညီ ထောက်ပံ့မှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် နှင်းဆီရင်ခွင်လူမှုကူညီရေးဖောင်ဒေးရှင်းအဖွဲ့သားများက ငွေကျပ် သိန်း (၅၀၀) နှင့် ငွေကျပ် (၉၈) သိန်းတန်ဖိုးရှိ စားသောက်ကုန် (၁၅) မျိုးကို လာရောက်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဘေးသင့်ဒေသရှိပြည်သူများအတွက် ကူညီထောက်ပံ့မှုများကို အစိုးရ၏ခွဲဝေရရှိသော ဘဏ္ဍာငွေ များအပြင် ပြည်သူများ၏ အချင်းချင်းစာနာထောက်ထားမှုများဖြင့် လာရောက်လှူဒါန်းမှုများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုကော်မတီ ရန်ပုံငွေသို့ တိုက်ရိုက်ထည့်၍ စနစ်တကျ စီမံခန့်ခွဲ၍ စိစစ်သုံးစွဲပါကြောင်း၊ ဘေးသင့်ဒေသများ အမြန်ပြန်လည် ထူထောင်ရေး ပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့ ဖွဲ့စည်းထားပြီး ဘေးသင့်ဒေသများအတွက် လိုအပ်သော ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို မြန်နိုင်သမျှ မြန်အောင် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယနေ့ အနုပညာရှင်များ၏ လာရောက်လှူဒါန်းမှုများသည် ပြည်သူများအတွက် တိုက်ရိုက်အကျိုးရှိ ပါကြောင်း ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
#hl1_otr
Source: MSWRR