ယနေ့နံနက် (၀၉:၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ “၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝ ဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့” အထိမ်းအမှတ် အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီ တိုင်းဒေသကြီး အပြည်ပြည် ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး ကော်မတီဥက္ကဋ္ဌ၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ကျော်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအဖွဲ့ အစည်းများ၊ ပရဟိတအဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ပါသည်။ အခမ်း အနားတွင် တနင်္သာရီတိုင်းဒေသကြီး အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးကော်မတီဥက္ကဋ္ဌ၊ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်က အမှာစကားပြောကြားရာ၌ နှစ်စဉ်အောက်တိုဘာလ (၁၃) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အဖြစ် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံက သတ်မှတ်ထားရှိပြီးဖြစ်ရာ တနင်္သာရီ တိုင်းဒေသကြီးမှာ ယခုနှစ်ဆိုလျှင် (၇) ကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ဆန်ဒိုင်းမူဘောင်ပါ ကမ္ဘာလုံးဆိုင်ရာ ပန်းတိုင် (၇) ရပ်အနက် တတိယမြောက်အချက်ဖြစ်သော ဘေးအန္တရာယ်များကြောင့် စီးပွားရေးတိုက်ရိုက် ထိခိုက်ဆုံးရှုံးရမှုများ အားလျှော့ချသွားနိုင်ရန် ရည်ရွယ်၍ “ပြည်သူ့ဘဝတိုးတက်ပြောင်းလဲဖို့၊ ဘေးဒဏ်ကြောင့်စီးပွား ဆုံးရှုံးမှုလျှော့ချစို့” ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပခဲ့ပြီးဖြစ်ကြောင်း၊ ယခု ၂၀၁၉ ခုနှစ်တွင်လည်း ဆန်ဒိုင်းမူဘောင်ပါ ကမ္ဘာလုံးဆိုင်ရာပန်းတိုင်၏ စတုတ္ထမြောက်အချက်ဖြစ်သည့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အခြေခံအဆောက်အဦများတည်ဆောက်ခြင်းနှင့် ထိန်းသိမ်းခြင်းတို့တွင် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေများကို ထည့်သွင်းစဉ်းစားခြင်းဖြင့် ဘေးအန္တရာယ် ဖြစ်ပွားချိန်တွင် လူ့အသက်ဆုံးရှုံးမှုများကို ကာကွယ်နိုင်ရန်ရည်ရွယ်၍ “BUILD TO LAST” “ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့ အခိုင်ခံ့ဆုံးတည်ဆောက်စို့” ဟူသောဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း၊ ယနေ့ကမ္ဘာနှင့်အဝှမ်းတွင် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကိုနှစ်စဉ်ခံစားလျက်ရှိပြီး မိုးလေဝသနှင့်ရာသီဥတု ဖြစ်ရပ်အချို့မှာ လူတို့၏လုပ်ဆောင်မှုများနှင့် ဆက်စပ်လျက် ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကို မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင်လည်း ဖြစ်ပွားလျက်ရှိပါ ကြောင်း၊ ရာသီဥတုပြောင်းလဲခြင်းကြောင့် စိုက်ပျိုးသီးနှံများပျက်စီးခြင်း၊ ရေရရှိမှုခက်ခဲခြင်း၊ သစ်တောများပြုန်းတီးခြင်း၊ ဇီဝမျိုးတုန်း ပျောက်ကွယ်ခြင်းနှင့် ဘေးအန္တရာယ်ဖြစ်ပွားမှု ပိုမိုများပြားလာခြင်းကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေများကို လျော့နည်းအောင် ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ ကမ္ဘာ့နိုင်ငံများကလည်း သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ပါးရေးလုပ်ငန်းများကို ပိုမိုအလေးထားဆောင်ရွက်လျက်ရှိပါ ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လည်းကမ္ဘာကချမှတ် ထားသည့်မူဘောင်များကို လိုက်နာဆောင်ရွက်လျက်ရှိသကဲ့သို့ အာဆီယံဒေသတွင်း သဘော တူညီချက်များကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသိပညာပေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ခြင်း၊ သဘာဝဘေး များဖြစ်ပွားလာပါက အလျင်အမြန်တုံ့ပြန်နိုင်ရေးကို ဆောင်ရွက်ခြင်း၊ ဘေးဒဏ်ခုခံရင်ဆိုင်နိုင်စွမ်းရှိရေးတို့ကိုလည်း သက်ဆိုင်ရာဌာနများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို အလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ အခြေခံ လိုအပ်သော အရေးပေါ်ရှာဖွေကယ်ဆယ်ရေးပစ္စည်းများသာမက အရေးပေါ်အခြေအနေတွင်အသုံးပြုရန် စက်လှေများကိုလည်း အသင့်ပြင်ဆင် ထားရှိပါကြောင်း၊ သဘာဝဘေးစီမံခန့်ခွဲမှုများဆောင်ရွက်ရာတွင် အလျင်အမြန်တုံ့ပြန်ဆောင်ရွက်မှု၊ သတင်းအချက်အလက်ဖြန့်ဝေမှု၊ သတင်း မှန်ဖြစ်စေဖို့ အရေးကြီးပါကြောင်း၊ သဘာဝဘေးများ၏သဘောသဘာဝအရ အချိန်အခါမရွေး ရင်ဆိုင်ကြုံတွေ့ရနိုင်သည့်အတွက် ကြိုတင်ပြင်ဆင် မှုများ ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ ကြိုတင်ပြင်ဆင်မှုအားကောင်းပါက မိမိတို့အနေဖြင့် ဘေးဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးမှုလျော့နည်း သက်သာစေမှာဖြစ်ကြောင်း၊ ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံရင်ဆိုင် တုံ့ပြန်နိုင်စွမ်းရှိသော လူ့အသိုက်အဝန်းတစ်ရပ် ဖြစ်ပေါ်စေရေးအတွက် ပြည်သူလူထုတစ်ဦးချင်းစီမှသည် သဘာဝဘေးအသိပညာများကို သိမြင်နားလည် သဘောပေါက်မှု၊ ပူးပေါင်းပါဝင်ဆောင်ရွက်မှုတို့ဖြင့် “ပြည်သူများအတွက် ပိုမိုကောင်းမွန်သည့် လူနေမှုဘဝရရှိအောင် ကူညီဆောင်ရွက်ကြပါစို့” ဟူ၍ပြောကြားခဲ့ပါသည်။
ထို့နောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် ဖတ်ကြားသည့် သဝဏ်လွှာဗီဒီယို၊ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေး နေ့အခမ်းအနား ဗွီဒီယိုတို့ အားပြသ၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လအတွင်း တနင်္သာရီတိုင်းဒေသကြီးခရီးစဉ်၌ အရေးပေါ်အခြေအနေတွင် အသုံးပြုနိုင်ရန် ထောက်ပံ့ပေးခဲ့သော ဖိုင်ဘာစက်လှေ (၁၀) စီးအား တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်၍ အခမ်းအနားကို နံနက် (၀၉:၂၀)နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
#otr
Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)