အောက်တိုဘာ ၁၁ ဂျီနီဗာ
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် အကြိမ်(၇၀)မြောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)၏ အမှုဆောင်ကော်မတီအစည်းအဝေး တက်ရောက်နေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး သည် UNHCR ၏ အာရှနှင့်ပစိဖိတ်ဒေသညွှန်ကြားရေးမှူး Mr. Indrika Ratwatte နှင့် (၁၀-၁၀-၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂအဖွဲ့ရုံး၌ တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် UNHCR အနေဖြင့် ရခိုင်ပြည်နယ်တွင် ထိရောက်မှုမြန်ဆန်သည့် စီမံကိန်း (Quick Impact Project – QIP)များ တိုးမြှင့်ပူးပေါင်း လုပ်ဆောင်လိုမှု၊ ရခိုင်ပြည်နယ်ရှိ နေရပ် စွန့်ခွာသူများအား ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းအခွင့်အလမ်း ရရှိစေမှုနှင့် လွတ်လပ်စွာ သွားလာခွင့်ရရှိစေရေး ဆောင်ရွက်ပေးရန်ကိစ္စ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ ဒုက္ခသည်စခန်းများမှ နေရပ်စွန့်ခွာသူများ၏ စိုးရိမ်ပူပန်မှုများရှိနေခြင်းကြောင့် သတင်းမှန်ရောက်ရှိ စေရေး၊ အာဆီယံနိုင်ငံများတွင် ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံများမှ ပြန်လည်နေရာချ ထားရေးတွင် အကူအညီပေးနိုင်သည့် ရင်းမြစ်များအခြေအနေ၊ ပြန်လည်လက်ခံရေးအောင်မြင်စေရန် လက်တွေ့အကောင်အထည်ဖော်ရာ၌ ပိုမိုလွယ်ကူ အဆင်ပြေစေရန် နီးစပ်ရာရွာအလိုက် စုစည်း ဆောင်ရွက်ရန်ကိစ္စများ၊ ကော့ဘဇားတွင် သတင်းအချက်အလက်များကို ထိရောက်စွာ မျှဝေပေးရန် အရေးကြီးပြီး ၎င်းခရီးစဉ်တွင် မြေပြင်တွင်လက်တွေ့ဆောင်ရွက်နေသော ရခိုင်ပြည်နယ်မှ ကိုယ်စား လှယ်များ ပါဝင်ဆောင်ရွက်ရန်များကို အကြံပြုဆွေးနွေးပါသည်။ ထို့အပြင် “ပြည်တွင်း နေရပ်စွန့်ခွာ သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရေးစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ” အရ နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီစွာ နေရပ်စွန့်ခွာမှုများ ရှိနေသည့် ပြည်နယ်/ တိုင်းဒေသကြီးများတွင် ပြန်လည်နေရာချထားရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိနေရပ်စွန့်ခွာသူများ မိမိဆန္ဒအလျောက် မိမိအစီအစဉ်ဖြင့် ပြန်လည်ဝင်ရောက်မှု အခြေအနေ၊ ကချင်ပြည်နယ်တွင် နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်ပါဝင်သည့်အဖွဲ့ ဖွဲ့စည်းကာ ဆောင်ရွက်နေမှုများကို ဆွေးနွေးကြပြီး နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး အောင်မြင် စွာဆောင်ရွက်နိုင်ရန် နားလည်မှုစာချွန်လွှာနှင့်အညီ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့်အစီအစဉ် များကို မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်နေသည့် UNHCR ၏ ဌာနေကိုယ်စားလှယ်နှင့် အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
#hl1
#szl _oct2019
Source: MSWRR