လေဘေးသင့်ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှုထောက်ပံ့ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးသည် မကွေးတိုင်းဒေသကြီး၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ဌာနဆိုင်ရာ တာ၀န်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင်‌့အတူ (၁၆-၅-၂၀၁၆)နေ့ မွန်းလွှဲပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ကျောက်ဆစ်ပုံကျေးရွာသို့ရောက်ရှိပြီး (၁၅-၅-၂၀၁၆) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ဘေးဒုက္ခကြုံတွေ့ရသည့် ဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားကာ ကနဦးရရှိသည့်သတင်းအရ မြို့နယ်အတွင်းရှိပြိုကျ နေအိမ် (၇၄)လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၆၀၀)လုံး ပြန်လည်ပြုပြင်နိုင်ရေးအတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှ ထောက်ပံ့ငွေကျပ် (၁၅၇)သိန်း၊ ကယ်ဆယ်ရေးပစ္စည်းများ၊ အသင့်စားခေါက်ဆွဲခြောက်များနှင့် ကလေးများအတွက် ကစားစရာအရုပ်များအားလည်းကောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ (၂)ဦးအတွက် ထောက်ပံ့ငွေအား လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ စာရင်းကျန်ရှိသည့် ပြိုကျပျက်စီးနေအိမ်များအား ဆက်လက် ထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။

ပြည်ထောင်စု၀န်ကြီးနှင့်အဖွဲ့သည် ကံသစ်ကျေးရွာသို့ရောက်ရှိပြီး လေဘေးကြောင့် ထိခိုက် ပျက်စီးမှုများအား ကြည့်ရှုကာ ပြိုကျနေအိမ် (၁)လုံးအတွက် ထောက်ပံ့ငွေကျပ် (၅)သောင်းအား ပေးအပ်၍ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စု၀န်ကြီးနှင်‌့အဖွဲ့သည် မန်းကောက်ကျေးရွာသို့ရောက်ရှိပြီး မိုးကြိုးထိမှန်သေဆုံးခဲ့သူ (၁)ဦးအတွက် ထောက်ပံ့ငွေကျပ် (၁)သိန်းအား သေဆုံးသူ၏မိဘနှစ်ပါးသို့ ထောက်ပံ့ပေးအပ်၍ မိသားစု၀င်များအား နှစ်သိမ့်အားပေးစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စု၀န်ကြီးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် သိုလှောင်ရုံသို့ရောက်ရှိပြီး ကယ်ဆယ်ရေးပစ္စည်း သိုလှောင်ထားရှိမှုအား ကြည့်ရှု၍ ပစ္စည်းများဖြည့်တင်းထားရှိရေး စီစဉ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events