အောက်တိုဘာ ၇၊ နေပြည်တော်
မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများကြောင့် ဘေးသင့်ဒေသများအတွက် လူသားချင်းစာနာထောက်ထားမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် Shigematsu Company Limited (Japan) က အမေရိကန်ဒေါ်လာ (၃၀,၀၀၀) ကိုလည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ဝန်ထမ်းမိသားစုများက ငွေကျပ် (၁၈၂,၀၀၀) ကိုလည်းကောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများက ငွေကျပ် (၁၂၈,၀၀၀) ကိုလည်းကောင်း ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်လှူဒါန်းကြပါသည်။
ရှေးဦးစွာ Shigematsu Company Limited (Japan) က တာဝန်ရှိသူတစ်ဦးက လှူဒါန်း ရခြင်းအကြောင်းရင်းကို ရှင်းလင်းပြောကြားပြီး ဒုတိယဝန်ကြီးဦးစိုးအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် မြန်မာနိုင်ငံနှင့်ဂျပန်နိုင်ငံတို့သည် ရှေးယခင်ကပင် အပြန်အလှန် ချစ်ကြည် ရင်းနှီးသော ဆက်ဆံမှုများရှိခဲ့ပြီး ဖြစ်ပါကြောင်း၊ မြန်မာပြည်သူများ ရေဘေးဒဏ် ခံစားနေရချိန်တွင် လာရောက်လှူဒါန်းခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ဂျပန်နိုင်ငံအစိုးရကလည်း မိမိတို့နိုင်ငံ သဘာဝဘေးကျရောက်သည့်အခါတိုင်း JICA မှတဆင့် လှူဒါန်းနေသကဲ့သို့ မြန်မာနိုင်ငံတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ဂျပန်အဖွဲ့အစည်းများ၊ ဂျပန်ကုမ္ပဏီများကလည်း လာရောက် လှူဒါန်းကြလျက်ရှိပါကြောင်း၊ ယခုလှူဒါန်းမှုသည် သဘာဝဘေးသင့်ပြည်သူများအတွက် များစွာအထောက်အကူဖြစ်စေပါကြောင်း ပြောကြားခဲ့ပြီး လှူဒါန်းငွေများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာန ဝန်ထမ်းများ၏ စေတနာအလျောက် လှူဒါန်းသည့် အလှူငွေများကိုလက်ခံပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#hl2_otr
#npw_oct2019
Source: MSWRR