(၇)ကြိမ်မြောက် အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေး ကျင်းပပြုလုပ်မှုသတင်း

5_Pic_01

 
 
အောက်တိုဘာ ၄ ၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် အာဆီယံ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအထိမ်းအမှတ်နေ့၊ (၇)ကြိမ်မြောက် အာဆီယံသဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် အရေးပေါ်တုံ့ပြန်မှုဆိုင်ရာ အာဆီယံသဘောတူစာချုပ်အဖွဲ့ဝင်နိုင်ငံများညီလာခံကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ကျင်းပပြုလုပ်ခဲ့ပါသည်။
အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေး အလှည့်ကျ ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကဆောင်ရွက်၍ ဖိလစ်ပိုင်နိုင်ငံ၊ ပြည်သူ့ရေးရာကာကွယ်ရေးရုံးမှ Assistant Secretary, Deputy Administrator for Administration ဖြစ်သူMr. Kristoffer James Purisima က ပူးတွဲဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါ အစည်းအဝေးတွင် ဥက္ကဋ္ဌအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့က ဒေသတွင်းသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့်စပ်လျဉ်းသည့် မူဝါဒများ၊ လုပ်ငန်းအစီအစဉ်များနှင့် နိုင်ငံအလိုက်အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့ကြ ပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံက အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ဘေးအန္တရာယ်ပြန်လည် ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပေါင်းကူးချိတ်ဆက်နိုင်ရေးအတွက် စီမံဆောင်ရွက်နေမှုများ၊ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ၏ အရေးကြီးမှုများနှင့် အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍရပ်များကို ဆွေးနွေးပြောကြားခဲ့ပါသည်။
ထို့နောက် အလုပ်သဘောနေ့လယ်စာအဖြစ် အာဆီယံအတွင်းရေးမှူးချုပ်၊ အာဆီယံဝန်ကြီး များနှင့် အဆင့်မြင့်ကိုယ်စားလှယ်များအားဖိတ်ကြား၍ ရခိုင်ပြည်နယ်အတွင်းရှိ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အာဆီယံမှ ပူးပေါင်း ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြခဲ့ပါသည်။
ယင်းနောက် အစည်းအဝေးကို ဆက်လက်ပြုလုပ်ရာ အောက်တိုဘာလ(၁)ရက်နေ့မှ (၃)ရက်နေ့ အထိ ကျင်းပခဲ့သည့် အဆင့်မြင့်အရာရှိကြီးများ၏ အစည်းအဝေးများ၌ ဆွေးနွေးချက်များနှင့် ထုတ်ဖော်ချက်များကို သုံးသပ်ခြင်းနှင့် အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။
ထို့နောက် အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေး၊ အလှည့်ကျ ဥက္ကဋ္ဌမြန်မာနိုင်ငံမှ ၂၀၂၀ခုနှစ်အတွက် အလှည့်ကျသည့် ဖိလစ်ပိုင်နိုင်ငံသို့ ဥက္ကဋ္ဌရာထူး လွှဲပြောင်းပေးအပ်ခြင်းနှင့် အာဆီယံကိုယ်စားလှယ်များအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါသည်။
ယနေ့ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးသို့ အာဆီယံနိုင်ငံများမှဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုနှင့် အရေးပေါ်တုံ့ပြန်မှုဆိုင်ရာအာဆီယံညှိနှိုင်းရေးမှူးရုံး( AHA Centre)မှ အမှုဆောင် ညွှန်ကြားရေးမှူးအပါအဝင် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1
#npw_oct2019
Source: MSWRR

Sign Up

Upcoming Events