လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနသည် (၃၅) ကြိမ်မြောက် အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေးအား ဒုတိယမြောက်နေ့အဖြစ် ယနေ့နံနက် (၉:၀၀)နာရီ အချိန်တွင် ဆက်လက်ကျင်းပပြုလုပ်ရာ အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ (ACDM)၏ အလှည့်ကျဥက္ကဋ္ဌအဖြစ်၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာကိုကိုနိုင်ကလည်းကောင်း၊ ပူးတွဲဥက္ကဋ္ဌဖြစ်သူ Mr. Kistoffer James E. Purisima, Assistant Secretary/ Deputy Administrator for Administration, Philippines တို့ကလည်းကောင်း ဆောင်ရွက်ခဲ့ကြပါသည်။
အစည်းအဝေးနံနက်ပိုင်းတွင် အာဆီယံအပေါင်း(၃)နိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ ကိုယ်စားလှယ်များနှင့် အာဆီယံ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စများ၊ အာဆီယံအပေါင်း(၁)အဖြစ် ဂျပန်နိုင်ငံမှ ကိုယ်စားလှယ်များနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဆိုင်ရာ အာဆီယံ-ဂျပန်ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ၊ UNDP နှင့် Swiss Agency for Development and Cooperation- SDC အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်ဒေသတွင်း မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ညှိနှိုင်း ဆွေးနွေးခဲ့ကြပါ သည်။
ဆက်လက်၍ အစည်းအဝေးနေ့လည်ပိုင်းတွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအတွက် လူသားချင်း စာနာကူညီမှုဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူးရုံး (AHA Centre) ၏ အုပ်ချုပ်မှုအဖွဲ့ အစည်းအဝေးကို ကျင်းပပြုလုပ်ရာ AHA Centre၊ အမှုဆောင်ညွှန်ကြားရေးမှူး၊ Ms. Adelina Kamal က AHA Centre မှ ဆောင်ရွက်လျက်ရှိသည့် ဒေသတွင်းနိုင်ငံများရှိ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်သင်တန်းများ၊ အရေးပေါ်ထောက်ပံ့ကူညီမှုလုပ်ငန်းများ၊ သတင်းအချက် အလက်စီမံခန့်ခွဲမှုနှင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခဲ့ပြီး AHA Centre အုပ်ချုပ်မှုအဖွဲ့ဝင်ဖြစ်သည့် အာဆီယံနိုင်ငံများ က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။
ဒုတိယမြောက်နေ့အဖြစ်ကျင်းပြုလုပ်သည့် (၃၅) ကြိမ်မြောက် အာဆီယံသဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှု ကော်မတီအစည်းအဝေး၊သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအတွက် လူသားချင်းစာနာ ကူညီမှုဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူးရုံး (AHA Centre) ၏ အုပ်ချုပ်မှုအဖွဲ့အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအတွင်းရေးမှူးချုပ်၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့် အရာရှိကြီးများ၊ ASEAN Coordinating Centre for Humanitarian Assistance on Disaster Management (AHA Centre) မှ Executive Director နှင့် ကိုယ်စားလှယ်များ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများအပါအဝင် စုစုပေါင်း ကိုယ်စားလှယ်(၇၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
#dg
#npw_0ct2019
အောက်တိုဘာ ၂၊ နေပြည်တော်