အောက်တိုဘာ ၁၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနသည် (၃၅) ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို (၁-၁၀-၂၀၁၉) နေ့မှ (၄-၁၀-၂၀၁၉)နေ့အထိ ရွှေစံအိမ် ဟိုတယ်၊ နေပြည်တော်၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပပြုလုပ်လျက်ရှိပါသည်။ အဆိုပါအစည်းအဝေး၏ ပထမနေ့အဖြစ် (၃၅) ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးကို ယနေ့ နံနက် (၉:၀၀)နာရီအချိန်တွင် ရွှေစံအိမ်ဟိုတယ်၌ကျင်းပပြုလုပ်ရာ အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ (ACDM) ၏အလှည့်ကျ ဥက္ကဋ္ဌဖြစ်သူဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာကိုကိုနိုင် နှင့် ပူးတွဲဥက္ကဋ္ဌဖြစ်သူ Mr. Kistoffer James E. Purisima, Assistant Secretary/ Deputy Administrator for Administration, Philippines တို့က ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ACDM ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သူ၊ ဒေါက်တာကိုကိုနိုင်က အစည်းအဝေးသို့ တက်ရောက်လာကြသော အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာကူညီမှု ညှိနှိုင်းရေးမှူးရုံး (AHA Centre) တို့မှ အဆင့်မြင့်အရာရှိကြီးများအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး အစည်းအဝေးတွင် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီအနေဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုလုပ်ငန်းများတွင် ဖြစ်ပေါ်တိုးတက်မှုများ၊ နိုင်ငံအလိုက်နှင့် ဒေသတွင်းအဆင့်တွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများနှင့် ကွာဟချက်များကို ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် ဒေသတွင်းအဆင့်တွင် ဆောင်ရွက်လျက်ရှိသည့် သဘာဝဘေးအန္တရာယ်အရေးပေါ်တုံ့ပြန်ရေး၊ စွမ်းဆောင် ရည်မြှင့်တင်ရေး၊ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရေး တို့အတွက် ဆောင်ရွက်လျက်ရှိသည့်အစီအမံများနှင့် ရှေ့လုပ်ငန်းစဉ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
ယနေ့ ကျင်းပပြုလုပ်သော (၃၅) ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယ အတွင်းရေးမှူးချုပ်၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ၊ ASEAN Coordinating Centre for Humanitarian Assistance on Disaster Management (AHA Centre) မှ Executive Director နှင့် ကိုယ်စားလှယ်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနမှတာဝန်ရှိသူများ အပါအဝင် စုစုပေါင်း ကိုယ်စားလှယ်(၇၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသတင်းရှိပါသည်။
#dg
#npw_oct2019