စက်တင်ဘာ ၂၉၊ ရန်ကုန်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်သော သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများဖော်ဆောင်ရေး သက်ကြီးရွယ်အိုများအား စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း ဖြင့်ကိုယ်တိုင်ပါဝင်ဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် သက်ကြီးရွယ်အို နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာကို ဖွင့်လှစ်ထားရှိပြီး သက်ကြီးဘိုးဘွား (၁၀၃) ဦးကို စောင့်ရှောက်ပေးလျက်ရှိကြောင်း၊ သက်ကြီးရွယ်အို နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ သို့ရောက်ရှိလာသော ဘိုဘွားများသည် ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းများကို ရရှိခံစားကြရမည် ဖြစ် ကြောင်း၊ ဘိုဘွားများသည် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အသီးသီး လူမှုအသိုင်းအဝိုင်းအသီးသီးမှ လာရောက် ကြသူများဖြစ်ကာ ပျော်ရွှင်စွာတွေ့ဆုံကြခြင်းဖြစ်ကြောင်း၊ တစ်ဦးချင်းအနေဖြင့် အိုသော်လည်းစွမ်းဆောင်နိုင်မှု အနည်းနှင့် အများရှိကြသူများဖြစ်ကြကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အသက်အရွယ်ခွဲခြားမှုမပြုပဲ စွမ်းဆောင် နိုင်မှုအခြေအနေအရ ပိုမိုစွမ်းဆောင်နိုင်အောင်စီမံချက်များချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ သက်ကြီးရွယ်အို အချင်းချင်းစွမ်းဆောင်နိုင်မှုအလိုက်စုပေါင်း၍ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ လူမှုရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ (Older People Self-Help Group- OPSHG) အဖွဲ့များဖွဲ့၍ ပြည်နယ်နှင့် တိုင်းအချို့တွင် ဆောင်ရွက်လျက်ရှိကြောင်း၊ သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေကို (၂၀၁၆) ခုနှစ်တွင် ပြဌာန်းနိုင်ခဲ့ပြီး သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများကိုဖော်ဆောင်ရာတွင် အသက်အရွယ်ခွဲခြားမှုမရှိပဲ စွမ်းဆောင် နိုင်မှုပေါ်မူတည်၍ ဂုဏ်သိက္ခာရှိသော အလုပ်အကိုင်များကို ဆက်လက်လုပ်ကိုင်နိုင်ရန် ဆောင်ရွက် ပေးရန်ဖြစ်ကြောင်း၊ လူ့ဂုဏ်သိက္ခာနှင့်ပြည့်စုံသော သက်ကြီးရွယ်အိုများပါဝင်နိုင်မည့် လူ့အသိုင်းအဝိုင်းကို ဖော် ဆောင်ပြီး တက်ကြွပြီး စွမ်းဆောင်နိုင်သောသက်ကြီးရွယ်အို ဘဝကိုခံစားရရှိစေရန်ကြိုးပမ်းရမည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ထိုအခွင့်အရေးများကိုအတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ဖော်ဆောင်လျက်ရှိရာ သက်ကြီးရွယ် အိုများက မိမိတို့အတွက် ဖော်ဆောင်ထားသော အခွင့်အရေးများကိုသိရှိပြီး ပူးပေါင်းပါဝင်ကြရန်နှင့် အစိုးရကလည်း ပံ့ပိုး ကူညီသွားမည်ဖြစ်ကြောင်း၊ သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများကို ဖော်ဆောင်ရာတွင် သက်ကြီး သူများကိုယ်တိုင်ဦးဆောင်ပြီး မျိုးဆက်သစ်လူငယ်များ၊ လူလတ်ပိုင်းများပါပါဝင်၍ ခွဲခြားခြင်းမရှိပဲအားလုံးပါဝင်သော အချင်းချင်းကူညီစောင့်ရှောက်ရေးအဖွဲ့ (Inclusive Self-Help Group) များကို အစိုးရမဟုတ်သော အဖွဲ့အစည်း များနှင့်ပူးပေါင်းကာ လူမှုအားမာန်အဖွဲ့များ အဖြစ်ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဖွဲ့စည်း ဆောင်ရွက်သွားရန် စီစဉ် လျက်ရှိကြောင်း၊ လူမှုအားမာန်အဖွဲ့များကို ဖွဲ့စည်းရာတွင် ကျန်းမာရေးပြုစုစောင့်ရှောက်ရေး၊ အသက်မွေးဝမ်း ကြောင်း၊ လူမှုဝန်ထမ်းခြင်းနှင့် ကာကွယ် စောင့်ရှောက်ခြင်း စသောအခန်းကဏ္ဍများကို အဓိကဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ လူမှုအားမာန်အဖွဲ့သည် သက်ကြီးသူချင်းကူညီစောင့်ရှောက်ရေးအဖွဲ့ ပုံစံထက်သက်ကြီးရွယ်အို များနှင့် မသန်စွမ်းသူများ၊ ၎င်းတို့၏မိသားစုဝင်များ၊ ရပ်ရွာအတွင်းရှိအခြားသူများ အပါအဝင်ထိခိုက်လွယ်သော အုပ်စုများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူထုကိုယ်တိုင် ဦးဆောင်လုပ်ကိုင်သည့် နည်းစနစ်တစ်ရပ်ကို ပုံဖော် ထားခြင်းဖြစ်ကြောင်း၊ လူမှုအားမာန်အဖွဲ့များကိုအပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုစောင့်ရှောက်ရေးအဖွဲ့ (HelpAge International) ၏အကူအညီဖြင့် ဆောင်ရွက်လျက်ရှိရာ အစိုးရကဦးဆောင်၍ သက်ကြီးရွယ်အိုဆိုင်ရာ အခွင့်အရေး ဥပဒေနှင့်အညီ မူဝါဒများ၊ နည်းဥဒေ၊ လုပ်ထုံးလုပ်နည်းများကို ဆက်လက်ဖော်ဆောင်၍ အားလုံးပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာနညွန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေနှင့် လူမှုအားမာန်အဖွဲ့များဖွဲ့စည်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး ဘိုးဘွားများက ဝမ်းသာပီတိစကားများကိုတက်ကြွစွာ ပြန်လည်ပြောကြားခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူး ခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1
#ygn_sep2019
Source: MOSWRR