စက်တင်ဘာ ၂၆၊ နေပြည်တော်
(၂၆-၉-၂၀၁၉) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆိုင်ရာလုပ်ငန်းအဖွဲ့၏ ဆဌမအကြိမ်မြောက်အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒေါက်တာ ခက်အောင်တို့က အဖွင့်အမှာစကားပြောကြားခဲ့ကြပြီး နယ်စပ်ရေးရာဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအသီးသီးမှ အမြဲတမ်းအတွင်းဝန်များ၊ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် အစည်းအဝေးသည် ဖားကန့် ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာလုပ်ငန်းအဖွဲ့၏ ဆဌမ အကြိမ်မြောက်အစည်းအဝေးဖြစ်ပါကြောင်း၊ မိမိတို့အစိုးရ၏ ရည်ရွယ်ချက်သည် တိုင်းရင်းသားများ၏အရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ တိုင်းရင်းသားများနေထိုင်ရာဒေသများတွင် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခြင်းမရှိအောင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါဒေသများတွင် ပဋိပက္ခများ လျော့နည်းပပျောက်သွားအောင် ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနသည် ဘေးအန္တရာယ်နှင့် ပတ်သက်သောစီမံခန့်ခွဲမှုများကို ဆောင်ရွက်ရသည့်အတွက် လူကြောင့်ဖြစ်သော ဘေး၊ သဘာဝကြောင့်ဖြစ်သော ဘေးများ ကာကွယ်ဆောင်ရွက်ရန် ဥပဒေ၊ နည်းဥပဒေလုပ်ထုံး လုပ်နည်းများဖြင့် အကောင်အထည်ဖေါ် လျက်ရှိပါကြောင်း၊ ပဋိပက္ခကြောင့်နေရပ်စွန့်ခွာရသူများ၊ ရွှေ့ပြောင်းလုပ်သားများ များပြားလာရာ ဖားကန့်ဒေသတွင် တစ်နိုင်ငံလုံးမှ ရွှေ့ပြောင်းအလုပ်သမားများ စုပေါင်းရောက်ရှိနေပါကြောင်း၊ ပဋိပက္ခများကြောင့်လည်း ရွှေ့ပြောင်း လုပ်သားများ ပိုမိုများပြား လာခြင်းဖြစ်ပါကြောင်း၊ ဖားကန့်ဒေသတွင်ရောက်ရှိနေသော ရွှေ့ပြောင်းအလုပ်သမားများ သည် အလုပ်အကိုင်အခွင့်အလမ်းကောင်းသဖြင့် ရွှေ့ပြောင်းအလုပ်သမားများအဖြစ် ရောက်ရှိလာကြသော်လည်း ၎င်းတို့အတွက် အန္တရာယ်များစွာရှိပါကြောင်း၊ အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက် ရေးကို အဓိကဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖားကန့်ဒေသသည် တရားဥပဒေ စိုးမိုးမှုများစွာလိုအပ်နေ သဖြင့် ကြိုးစားဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားများ အန္တရာယ်ကင်းစွာလုပ်ကိုင်နိုင်ရန် အစိုးရအနေဖြင့် ဆောင်ရွက်ပေးရန် တာဝန်ရှိသည်ဟုယူဆပါကြောင်း၊ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၄) ရက်နေ့ တွင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးက လုပ်ငန်းအဖွဲ့အား အဖွဲ့ဝင် (၁၄) ဦးဖြင့် ဖွဲ့စည်းပေးခဲ့ပြီး လုပ်ငန်းတာဝန် (၁၁) ရပ်ချမှတ်ခဲ့ပါကြောင်း၊ ထိုနေ့တွင်ပင် လုပ်ငန်းအဖွဲ့ခွဲ (၆)ဖွဲ့အား ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ တရားဥပဒေစိုးမိုးပြီး အန္တရာယ်ကင်းစွာ အလုပ်လုပ်ကိုင်နိုင်ကြရန် စီစဉ်ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ ဒေသခံများ၏ ဆန္ဒသဘောထား များအားလည်း အလေးထားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယခင်အစည်းအဝေးဆုံးဖြတ်ချက်များကို မည်မျှ ဆောင်ရွက်ထားပြီးသည်ဆိုသည့် အချက်မှာ အရေးကြီးပါကြောင်း၊ ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ထားမှု အခြေအနေအား (၂၁.၁၀.၂၀၁၉) ရက်နေ့အရောက် ပြန်လည်တင်ပြရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများယခုထက် အောင်မြင်အောင် တက်ရောက်လာသူများမှ ပွင့်ပွင့်လင်းလင်းဆွေးနွေးရန်လိုအပ်ပါကြောင်း၊ ဒေသခံ ပြည်သူများ တောင်းဆိုသည့်အချက်များဖြစ်သော နေရပ်စွန့်ခွာပြည်သူများအား ပြန်လည်နေရာချထားရေးလုပ်ငန်းအတွက် ကချင် ပြည်နယ်ရှိ တိုင်းရင်းသားအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ National Camps Closure Strategy ကို စနစ်တကျရေးဆွဲပြီး အတည်ပြုချက်လည်း ရရှိပြီးဖြစ်ပါကြောင်း၊ တိုက်ပွဲရှောင်စခန်းများရှိ ဒေသခံများ အတွက်လည်း အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က အမှာစကား ပြောကြားရာတွင် ဆုံးဖြတ်ချက်များမှာ အိမ်ရှင်ပြည်နယ်ဖြစ်သော မိမိတို့အစိုးရအဖွဲ့က အကောင်အထည် ဖော်ရန် တာဝန်ရှိပါကြောင်း၊ အကောင်အထည်မဖော်နိုင်သေးသည့် ဆုံးဖြတ်ချက်များအား မြန်မြန်ဆန်ဆန် အကောင် အထည်ဖော်သွားမည်ဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရအနေဖြင့် လာမည့် အောက်တိုဘာ (၂၀) ရက်နေ့မှာ ဆောင်ရွက် ပြီးစီးမှုများကို တင်ပြရမည်ဖြစ်ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ ဌာနဆိုင်ရာအသီးသီးမှ ဝိုင်းဝန်း ပူးပေါင်းပြီး ဆုံးဖြတ်ချက် (၁၄) ချက်ကို မြန်မြန်ဆန်ဆန်အကောင်အထည်ဖော်ရန်လိုအပ်ပါကြောင်း၊ ကချင်ပြည်နယ် အမျိုးသား ကွန်ကရက်နှင့် ကချင်ပြည်နယ်၊ ပြည်သူ့ပါတီတို့၏ တောင်းဆိုမှုအတွက် ပြန်လည်ရှင်းလင်းသွား မှာဖြစ်ပါ ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် လုပ်ငန်းအဖွဲ့ အတွင်းရေးမှူးကလည်းကောင်း၊ သက်ဆိုင်ရာလုပ်ငန်းအဖွဲ့ခွဲ (၆) ခု ၏ ဥက္ကဌများကလည်းကောင်း၊ ဆောင်ရွက်ပြီးစီးမှုများအား အသီးသီးတင်ပြခဲ့ကြပြီး ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဝိုင်းဝန်း ဆွေးနွေးခဲ့ကြပြီး ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1
#npw_sep2019
Source: MOSWRR