လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီး ဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာ မြို့နယ်၊ အုတ်ပုံကျေးရွာအုပ်စု၊ အုပ်ပုံကျေးရွာတွင် ရေဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များနှင့်တကွ (၂၆-၉-၂၀၁၉)ရက်နေ့၊ (၀၉:၀၀) အချိန်ခန့်က ပြုလုပ်ခဲ့ရာ ကျေးရွာပြည်သူ လူထုအင်အား (၃၀၀) ဦးခန့် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။ ထို့နောက် ရှင်းလင်းဆောင်ခန်းမ၌ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူက မုန်းချောင်းရေလှောင်တမံတွင် အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု အဆင့်(၁)တွင် စိုးရိမ်ဖွယ်ရာမရှိ၍ မြင်သာသောနေရာများတွင် အစိမ်းရောင်အလံကိုလွင့်ထူထားပေးခြင်း ရေကြီးမှုဖြစ်ပေါ်လာနိုင်ပါက အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု အဆင့်(၂)အဖြစ် သတ်မှတ်ပြီး အဝါရောင်အလံကို လွင့်ထူ၍ အသံချဲ့စက်ဖြင့် လှည့်လည်ကြေငြာခြင်း တမံကျိုးပေါက်နိုင်သည့်အခြေအနေကို အရေးပေါ်အခြေအနေစီမံခန့်ခွဲမှု အဆင့်(၃)ဟု သတ်မှတ်ပြီး အနီရောင်အလံလွင့်ထူခြင်းတို့ဖြင့် စီမံထားရှိမှုအခြေအနေကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များအား မေးမြန်းခဲ့ကြပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပါကြောင်း၊ အရေးပေါ်အခြေအနေတွင် အသုံးပြုရန်အတွက် အသက်ကယ်အင်္ကျီ (၅၀)ထည်အား ကျေးရွာအုပ်စုသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့သို့ ပေးအပ်ခဲ့ပါကြောင်းနှင့် ဘေး(၈)မျိုးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သိရှိရပါသည်။