စက်တင်ဘာ၂၅၊နေပြည်တော်
သဘာဝဘေးတုံ့ပြန်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်နှင့် သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များအကြား ပိုမိုချိတ်ဆက်ညှိနှိုင်းဆောင်ရွက်နိုင်ရန်တို့အတွက် သဘာဝဘေးတုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးတို့ဦးဆောင်၍ ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးက ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံအားလုံး ခံစားနေကြရပါကြောင်း၊ သဘာဝဘေး အန္တရာယ်တုံ့ပြန်ရေးအပါအဝင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများတွင် ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ အကြားကဏ္ဍအလိုက် ဆောင်ရွက်ချက်များတွင် အချိတ်အဆက်မိမိနှင့် ဟန်ချက်ညီညီ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရန်နှင့် ကြိုတင်ပြင်ဆင်မှုများ စနစ်တကျဆောင်ရွက်ထားရန် အရေးကြီးပါကြောင်း၊ နိုင်ငံတော် အဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့်တွင် ဘေးအန္တရာယ် အရေးပေါ်တုံ့ပြန်ရေး စီမံချက်များရှိပြီး ဖြစ်သည့် အတွက် အဆိုပါစီမံချက်များအတိုင်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း၊ သို့ရာတွင် ရာသီဥတုဖြစ်စဉ်များ ပေါ်မူ တည်၍ ဘေးဖြစ်ပွားမှုပုံစံများ ပြောင်းလဲလာမှု၊ နည်းပညာများတိုးတက်လာမှု စသည်တို့နှင့်လိုက် လျောညီ ထွေဖြစ်စေရန် ယခင်ရှိပြီးစီမံချက်များအား ပြန်လည်ပြင်ဆင်ရေးဆွဲရန်လိုအပ်ပါကြောင်း၊ ၂၀၀၈ခုနှစ်၊ နာဂစ် မုန်တိုင်းဖြစ်ပွားပြီးနောက်ပိုင်း ၂၀၀၉ခုနှစ်တွင် မြို့ပြမီးလောင်မှု၊ တောမီးလောင်မှု၊ ရေလွှမ်းမိုးမှု၊ မုန်တိုင်း၊ ငလျင်၊ ဆူနာမီ၊ မိုးခေါင်ရေရှား၊ မြေပြိုခြင်း၊ ဆီးနှင်းကျရောက်ခြင်းဟူသည့် ဘေးအန္တရာယ်(၉)မျိုးနှင့်စပ်လျဉ်းသည့်စီမံချက်ကို ရေးဆွဲခဲ့ကြ ပါကြောင်း၊ အဆိုပါစီမံချက်များကို ခေတ်ကာလနှင့်လျော်ညီစွာ သက်ဆိုင်ရာကဏ္ဍအလိုက်၊ ဌာနများအလိုက် ပြင်ဆင်ဖြည့်စွက် ရေးဆွဲရန်လိုအပ်နေပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၃ခုနှစ်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနှင့် ၂၀၁၅ခုနှစ်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနည်းဥပဒေတို့ကို ပြဌာန်းထားရှိပြီးဖြစ်သကဲ့သို့ အာဆီယံအဆင့်တွင် ASEAN Agreement on Disaster Management and Emergency Response (AADMER) နှင့် ကမ္ဘာ့အဆင့်တွင် Sendai Framework for Disaster Risk Reduction 2015-2030 (SFDRR) တို့လည်းရှိနေပြီးဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရန်အတွက်လည်း မြန်မာနိုင်ငံက အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူကာရေးဆွဲထားသည့် ASEAN Recovery Reference Guideline ရှိနေပြီဖြစ်ပါကြောင်း၊ ၎င်းတို့ကိုအခြေခံ၍ ပြင်ဆင်ရေးဆွဲသင့်ကြောင်း၊ ရေးဆွဲထားသည့် စီမံချက်များအနေဖြင့် နိုင်ငံတော်အဆင့်မှသည် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ ရပ်ကွက်/ ကျေးရွာ အဆင့်ဆင့်ထိ လက်တွေ့ကျသည့် စီမံချက်များဖြစ်ရန် လိုအပ်ပါကြောင်း၊ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သည့် ရပ်ရွာ လူထုဖြစ်စေရေး အားလုံးပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းများတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် အဓိကပါဝင်ပေါင်းစပ်ဆောင်ရွက်နေပါကြောင်း၊ ဘေးအန္တရာယ်စီမံ ခန့်ခွဲမှုနှင့် စပ်လျဉ်း၍ နိုင်ငံတော်အဆင့်တွင် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့် လုပ်ငန်းကော်မတီ (၁၂)ခုဖွဲ့စည်းထားပြီးဖြစ်သည့်အတွက် ပိုမိုပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက ပြောကြားရာတွင် သဘာဝဘေးတုံ့ပြန်ရေးနှင့်စပ်လျဉ်း၍ နိုင်ငံတော်တွင် လက်တွေ့ရေးဆွဲ ဆောင်ရွက်နေသည့် Short Term နှင့် Long Term စီမံချက်များကို လက်ရှိအခြေအနေနှင့် လိုက်လျော ညီထွေမှုရှိ/မရှိ၊ Standard Operating Procedure များ ကျယ်ကျယ်ပြန့်ပြန့်ရှိရန် နှင့် Review လုပ်ရန် လို/မလို စသည်တို့ကို သက်ဆိုင်ရာဝန်ကြီးဌာနများ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ဆောင်ရွက်ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လမ်းညွှန်မှာကြားထားပါကြောင်း၊ ယခုနှစ်အတွင်း ရေကြီး/ရေလျှံမှုနှင့် မြေပြိုမှုများ ဆိုးရွားစွာခံစားခဲ့ရသည့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်များ၌ လက်ရှိအခြေအနေတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက် နေပြီဖြစ်ကြောင်း၊ အရေးပေါ်တုံ့ပြန်ရေးဆောင်ရွက်ခဲ့မှုများကို ပြန်လည်သုံးသပ်ပါက တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ၊ ပြည်သူလူထုစသည့် လူ့စွမ်းအားအရင်းအမြစ်များ ပူးပေါင်းဆောင်ရွက်ခဲ့သော်လည်း စနစ်ကျမှုနှင့် ထိရောက်သည့်ချိတ်ဆက်မှုများတွင် လိုအပ်ချက်များရှိနေသေးသည်ကိုတွေ့ရှိရပါကြောင်း၊ ဌာနအဖွဲ့အစည်းအသီးသီးတွင် မတူညီသည့် လုပ်ငန်းသဘာဝပေါ်အခြေခံကာ ရေးဆွဲထားသည့် ဘေးအန္တရာယ်ဆိုင်ရာစီမံချက်များရှိပြီးဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း အဆိုပါစီမံချက်များကို အခြေအနေ၊ အချိန်အခါနှင့်အညီ ပြန်လည်ပြင်ဆင်ဖြည့်စွက် ရေးဆွဲကြရန်၊ လုပ်ငန်းတာဝန်လွှဲပြောင်းရာတွင်လည်း စနစ်တကျထည့်သွင်းလွှဲပြောင်းဆောင်ရွက်ကြရန်တို့ကို တိုင်းဒေသကြီး/ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများသို့ ညွှန်ကြားချက်များထုတ်ပြန်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က နိုင်ငံတော်အဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊မြို့နယ်၊ ရပ်ကွက်/ကျေးရွာ အဆင့်ဆင့်အထိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဖွဲ့စည်းထားရှိမှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနှင့် နည်းဥပဒေ တို့တွင်ပါရှိသည့် သဘာဝဘေး ကြိုတင်ပြင်ဆင်ရေး၊အရေးပေါ်တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေး ဆိုင်ရာဖော်ပြ ချက်များ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ အရေးပေါ်တုံ့ပြန်ရေး အတွက် ဆောင်ရွက်နေမှုများ၊ ဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေး စီမံချက်ရေးဆွဲရာတွင် ပါဝင်သင့်သည့် အကြောင်း အရာများနှင့် သဘာဝဘေးရန်ပုံငွေခွဲဝေချထားမှုအခြေအနေများကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး တို့ကလည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများကလည်းကောင်း ဌာနအလိုက်ဆောင်ရွက်နေသည့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းအခြေအနေ များကို တင်ပြဆွေးနွေးခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိပါသည်။
Source: MOSWRR
#hl1
#npw_sep2019