စက်တင်ဘာ၊ ၁၈၊ နေပြည်တော်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ် ခြင်းကို ယနေ့မွန်းလွဲပိုင်းက ပျဉ်းမနားမြို့၊ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီး၌ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်တို့ တက်ရောက်ခဲ့ ကြပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ပြည်သူများအားလုံး အခြေခံလူ့အခွင့်အရေးများရရှိပြီး လူ့ဂုဏ်သိက္ခာနှင့်အညီ ရပ်တည်နေနိုင်ရန် လူမှုကာကွယ် စောင့်ရှောက်ရေးနည်းလမ်းများဖြင့် ကြိုးပမ်းပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် မသန်စွမ်းသူ များနှင့်ပတ်သက်၍ မြန်မာနိုင်ငံမသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့်မဟာဗျူဟာ (၂၀၁၆-၂၀၂၅)ကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ အခွင့်အရေးများကို ဖော်ဆောင်ပေးရန် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီကိုဖွဲ့စည်းပြီး လုပ်ငန်းကော်မတီများကို နေပြည်တော် ကောင်စီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များတွင်လည်း အဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်အနေဖြင့်လည်း တိုင်းဒေသကြီး၊ ပြည်နယ်များ တွင် မသန်စွမ်းသူများအသင်းများကို ဖွဲ့စည်းပြီး လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း၊ မသန်စွမ်းသူများအတွက် နိုင်ငံတော်က မသန်စွမ်းရံပုံငွေကို ထူထောင်ပေးလိုက်ပြီ ဖြစ်ရာ အဆိုပါအသင်းများနှင့် ကော်မတီများက ပူးပေါင်း၍ မသန်စွမ်းသူများအား စွမ်းနိုင်သမျှ စွမ်းအောင်ကူညီပြီး မသန်စွမ်းသူများ စွမ်းဆောင်နိုင်မည့် အလုပ်အကိုင်များကို ဖော်ဆောင်ပေးရန် ရင်းနှီးမှုပြုရမည်ဖြစ်ကြောင်း၊ မသန်စွမ်းမှုအဆင့် ခွဲခြားသတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းများလည်း စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ မသန်စွမ်းမှုအဆင့် ခွဲခြားသတ်မှတ်ခြင်းဆိုသည်မှာ ခွဲခြားဆက်ဆံခြင်းမဟုတ်ဘဲ မသန်စွမ်းသူတစ်ဦးချင်းစီ၏ အခြေအနေအမှန်နှင့် လိုအပ်ချက်တို့ကို စိစစ်ဖော်ထုတ်ပြီး ပံ့ပိုးကူညီရန်ဖြစ်ကြောင်း၊ မသန်စွမ်းများ အတားအဆီးမရှိ သွားလာနိုင်ရေးကို ဖြည့်ဆည်းပေးရန် မသန်စွမ်းသူများအတွက် အတားအဆီး ကင်းသည့် လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်ရေးကိုလည်း ကြိုးပမ်းလျက်ရှိပါကြောင်း၊ ငွေကြေး ထောက်ပံ့မှုသည် ကနဦးထောက်ပံ့ပေးခြင်းသာဖြစ်ပြီး မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်း ပြီးမြောက်ပါက ပိုမိုကောင်းမွန်သော ကူညီပံ့ပိုးမှုများကိုရရှိစေမှာဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီ အတွင်း၌ မသန်စွမ်းသူများအား ကနဦးထောက်ပံ့ပြီးဖြစ်ရာ ယနေ့ထောက်ပံ့မှုသည် ထပ်မံရရှိသော စာရင်းများအရ ကျန်ရှိသူများအား ထောက်ပံ့ပေးခြင်းဖြစ်ကြောင်းနှင့် ဝန်ကြီးဌာန၏ လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများတွင် ပူးပေါင်းကူညီပေးလျက်ရှိကြသည့် ဆက်စပ်ဌာနဆိုင်ရာများ၊ အစိုးရမဟုတ်သော ပြည်တွင်း/ ပြည်ပ အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ ပရဟိတ အဖွဲ့အစည်းများ၊ ဖေါင်ဒေးရှင်းများကိုလည်း ကျေးဇူးတင်ရှိပါကြောင်းနှင့် ဆက်လက်ပူးပေါင်းကြစေ လိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မသန်စွမ်းသူ (၁၁၈)ဦးအတွက် ထောက်ပံ့ငွေ ကျပ် ၃,၅၄၀,၀၀၀/- (ကျပ်သုံးဆယ့်ငါးသိန်းလေးသောင်းတိတိ)ကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပါသည်။
ယင်းနောက် အခမ်းအနားသို့ ကိုယ်တိုင်တက်ရောက်လာကြသော မသန်စွမ်းသူများအား ထောက်ပံ့ငွေများကို လက်ဝယ်အရောက်ပေးအပ်ခဲ့ကြပြီး ထောက်ပံ့မှုများအတွက် မသန်စွမ်းသူ တစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Source: MOSWRR
#hl1
#npw_sep2019