ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက်နှင့် (UEHRD) ပြည်ထောင်စုစီမံကိန်းတို့အတွက် အလှူငွေများလာရောက်လှူဒါန်းမှုသတင်း

နေပြည်တော်၊စက်တင်ဘာ၁၂
မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပွားနေသော ရေကြီးရေလျှံမှုများနှင့်မြေပြိုမှုများကြောင့် ဘေးသင့်ဒေသ များအတွက် လူသားချင်းစာနာထောက်ထားမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် တောင်ပိုင်းကယ်လီဖိုးနီးယားပြည်နယ် မြန်မာအသိုက်အဝန်းမိသားစုများမှ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ (၄၀,၀၀၀) နှင့် ရခိုင်ပြည်နယ်လူသားချင်းစာနာမှုအကူအညီပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) အတွက် ပြည်ပရောက် မြန်မာနိုင်ငံသားမိသားစုကလှူဒါန်းသည့် အမေရိကန်ဒေါ်လာ (၃၀၀) တို့ကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကျော်တင်ကလည်းကောင်း၊ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ စံဟိန်းကိုယ်ပိုင်အထက်တန်းကျောင်းက ငွေကျပ်သိန်း (၆၀)နှင့် မြန်မာနိုင်ငံ အမြန်လမ်းစီမံကိန်းနှင့် ရင်းနှီးမြှုပ်နံှမှုကုမ္ပဏီလီမိတက်က ငွေကျပ်သိန်း (၂၀၀) ကိုလည်းကောင်း ယနေ့မွန်းလွဲ ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးထံသို့ လာရောက်ပေးအပ်လှူဒါန်းပါသည်။
ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားပြောကြားရာတွင် ဘေးဒုက္ခခံစားရသောပြည်သူများအတွက် စာနာစိတ်ဖြင့် လာရောက်လှူဒါန်းခြင်းကို ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း၊ လှူဒါန်းငွေများကို ရေဘေးသင့်ပြည်သူ များထံသို့ ရောက်ရှိစေရန်အလျင်အမြန်တုန့်ပြန် ဆောင်ရွက်နိုင်အောင်ကြိုးစား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့တွင် ရေဘေးဒုက္ခခံစားရသောပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ပျက်စီးသွားသောမိုးစပါးစိုက်ခင်းများကို အချိန်မီ အစားထိုးပြန်လည်စိုက်ပျိုးနိုင်ရန် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ငွေကျပ် (၆၀.၆၉)သန်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့သို့ ငွေကျပ်(၁၄၃.၁၀)သန်းနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့သို့ငွေကျပ်(၁၆၀.၄၆၀)သန်းတို့ကို အသီးသီးလွှဲပြောင်းပေးအပ်ခဲ့ပါကြောင်းနှင့် ဆက်လက်ပြီး လိုအပ်ချက်အရ အလျင်အမြန်ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ထိရောက်စွာအသုံးပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အလှူငွေများကိုလက်ခံကာ ဂုဏ်ပြုမှတ် တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#hl1
#npw_sep2019

Source: MOSWRR

Sign Up

Upcoming Events