အသက် (၆) လမှ (၃) နှစ်အရွယ်ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း၌ ဝန်ကြီးဌာနအသီးသီးက စိတ်ပါဝင်စားသူများတက်ရောက်

စက်တင်ဘာ၊၁၀၊နေပြည်တော်
လူမှုဝန်ထမ်းဦးစီးဌာန၏ စီစဉ်ကြီးကြပ်မှုဖြင့် အသက် (၆) လမှ (၃) နှစ်အရွယ် ကလေးပြုစုသူများ အတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း၌ တက်ရောက်သင်ယူ လျက်ရှိသည့် ဝန်ကြီးဌာနအသီးသီးက သင်တန်းသူများအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တွေ့ဆုံခဲ့ပါသည်။
ယနေ့နံနက်ပိုင်းက ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း၏ နည်းပြများနှင့် သင်တန်းသူများက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ဖွင့်လှစ် ထားသည့် မေမေ့ရင်ခွင် နေ့ကလေးထိန်းဌာနသို့လာရောက်၍ ဝန်ကြီးဌာနဝန်ထမ်းများ၏အသက် (၆) လမှ (၃) နှစ်အရွယ်ကလေးငယ်များအား ပြုစုစောင့်ရှောက်ပေးနေမှုကို လက်တွေ့လေ့လာခဲ့ကြပါသည်။
နေ့လည်ပိုင်းတွင် အဆိုပါသင်တန်းနည်းပြများ၊ သင်တန်းသူများကို ပြည်ထောင်စုဝန်ကြီးကတွေ့ဆုံ၍ လူမှုဝန်ထမ်းဦးစီးဌာနက အကောင်အထည်ဖေါ်ဆောင်ရွက်လျက်ရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း တွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးနှင့်ကာကွယ်စောင့်ရှောက်ရေး ကဏ္ဍသည် အရေးကြီး ကြောင်း၊ ယခုဖွင့်လှစ်သည့် အသက် (၆) လမှ (၃) နှစ်အရွယ် ကလေးပြုစုသူများအတွက် ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်းတွင် ဝန်ကြီးဌာနအသီးသီးက ကလေးငယ်များအား ပြုစုစောင့်ရှောက်ရန်စိတ်ပါဝင်စားကြ၍ တက်ရောက်ကြသောဝန်ထမ်းများအား ကျေးဇူးတင်ရှိပါကြောင်း၊ သင်ကြားမှု သင်ရိုးညွန်းတမ်းနှင့်နည်းလမ်းများသည်အသက်(၆)လမှ (၃)နှစ်အရွယ်ကလေးပြုစုသူများအတွက် နိုင်ငံတကာ သုတေသနရလဒ်များမှ အတည်ပြုထားသောအခြေအမြစ် ခိုင်မာသော၊စနစ်ကျသော နည်းလမ်းများဖြစ်ကြောင်း၊ စိတ်ပါဝင်စားစွာဖြင့်သင်ယူတက်မြောက်ပြီးပါက သင်တန်းသူများ၏မိသားစုအတွင်းရှိ ကလေးငယ်များအား ပြုစုပျိုး ထောင်ရာတွင်လည်ကောင်း၊ ပတ်ဝန်းကျင်ရှိကလေးမိဘများ၊ ပြုစုစောင့်ရှောက်သူများအား ပြန်လည်အသိပေးမျှ ဝေရာတွင်လည်းကောင်း၊ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ကြီးဌာနရှိ ဝန်ထမ်းမိခင်များ၏ ကလေးများအတွက် နေ့ကလေးထိန်းဌာနဖွင့်လှစ်ပြီး ပြန်လည်အသုံးချသွားနိုင်မည်ဖြစ်ကြောင်း၊ ကလေးငယ်များအား ပြုစုစောင့်ရှောက် ရာတွင် ၎င်းတို့ဦးနှောက်ဖွံ့ဖြိုးမှုနှင့် ကိုယ်ခန္ဓာပုံမှန်ကြီးထွားမှုများ၏ ဖြစ်ပေါ်ပြောင်းလဲမှု အခြေခံသဘောသဘာဝကို သိရှိနားလည်အောင်လေ့လာကြရမည်ဖြစ်ကြောင်း၊ ဦးနှောက်ဖွံ့ဖြိုးမှုအကောင်းဆုံးသည်အသက်(၂) နှစ်အတွင်းသာ ဖြစ်၍ အချိန်ကာလအကန့်အသတ်ရှိပါကြောင်း၊ ထို့အတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသော အသက် (၂) နှစ်အောက် ကလေးငယ်များကိုငွေကြေးထောက်ပံ့ခြင်း (Maternal and Child Cash Transfer – MCCT) အစီအစဉ် ကို မိခင်များ၏ အာဟာရပညာပေး၊ တစ်ကိုယ်ရည်သန့်ရှင်းရေး ပညာပေးနှင့်မိသားစုစီမံကိန်း ပညာပေးခြင်းများနှင့် အတူတိုင်းဒေသကြီး/ ပြည်နယ်များ၏ပုညှက်မှု အညွှန်းကိန်းများအရဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့ဝန်ကြီး ဌာနနှင့် မြန်မာနိုင်ငံ ကလေးကျန်းမာပညာအဖွဲ့တို့ပူးပေါင်း၍ ကလေး (၃) နှစ်အရွယ်အထိ ပုံမှန်ဖွံ့ဖြိုးမှုရှိ /မရှိစိစစ် သိရှိနိုင်ရန်အချက်များကို ရေးသားပြုစုပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ရုပ်သံနှင့်အွန်လိုင်းမီဒီယာများမှ တစ်ဆင့်မျှဝေခြင်းများကိုဆောင်ရွက်လျက်ရှိကြောင်း၊ မိဘများနှင့်မိသားစုဝင်များကိုယ်တိုင် မိမိတို့ကလေးများ ပုံမှန် ဖွံ့ဖြိုးမှုရှိ/ မရှိကိုဆန်းစစ်နိုင်ပြီး လိုအပ်ပါက အချိန်မီပြုစုကုသမှုခံယူနိုင်ရန်ဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေး၊ဖွံ့ဖြိုးရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအတွက် ပြဋ္ဌာန်းပြီးဖြစ်သော “ရှေးဦးအရွယ်ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေ”နှင့် “ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေ” တို့ကို အသေအချာလေ့လာကြပြီး ကလေးများအတွက် လုံခြုံစိတ်ချရသောပတ်ဝန်းကျင်ကို ဖန်တီးပေး ရန် တာဝန်ယူရန် လည်းတိုက်တွန်းပါကြောင်းပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။
ယခုဖွင့်လှစ်လျက်ရှိသည့် အသက် (၆) လမှ (၃) နှစ်အရွယ် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေး နှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်းကို (၂၁) ရက်တာသင်ကြားမည်ဖြစ်ပြီး ဝန်ကြီးဌာနအသီးသီးက သင်တန်းသူ (၅၆) ဦးတက်ရောက်သင်ယူလျက်ရှိကြောင်း သတင်းရရှိပါသည်။

#hl1
#npw_sep2019

Source: MOSWRR

Sign Up

Upcoming Events