စက်တင်ဘာ ၉၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံသံအမတ်ကြီး H.E. Ms. Karen MacArthurh အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌ လက်ခံတွေ့ဆုံပါသည်။
တွေ့ဆုံရာတွင် တာဝန်ထမ်းဆောင်ရမည့်ကာလပြည့်မြောက်သဖြင့် မြန်မာနိုင်ငံမှပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံ သံအမတ်ကြီး H.E. Ms. Karen MacArthur က ၎င်း၏ မြန်မာနိုင်ငံဆိုင်ရာအတွေ့ အကြုံ များနှင့် အကြံပြုချက်များအား ဆွေးနွေးပြောကြားရာတွင် လတ်တလောကြုံတွေ့နေရသော အခက်အခဲများအား မြန်မာ အစိုးရအနေဖြင့် အကောင်းဆုံးကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံ၏တိုးတက်မှုများကို ကဏ္ဍပေါင်း စုံတွင်တွေ့မြင်ရပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း ဘေးအန္တရာယ်ဒဏ်ခံရသော ဒေသများအမျိုးသမီးများနှင့် ကလေးသူငယ်ကဏ္ဍများတွင် ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိသည်ကို သိရှိရပါကြောင်း၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးကိစ္စရပ်များနှင့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များကို အလေးထားဆောင်ရွက်လျက်ရှိသည်ကို အသိအမှတ်ပြုပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်လိုပါကြောင်း ဆွေးနွေးပြောကြားပါသည်။
ဆက်လက်၍ပြည်ထောင်စုဝန်ကြီးက နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများအတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် မိမိတို့ဝန်ကြီးဌာနကဆောင်ရွက်လျက်ရှိသော ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ွဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၊ ကလေး သူငယ် အခွင့်အရေးဆိုင်ရာကိစ္စရပ်များ၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်များ၊ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးအတွက်ဆောင်ရွက်ထားရှိမှုများ၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒုက္ခသည်စခန်းများ ပိတ်သိမ်းနိုင်ရေး၊ အမျိုးသားရေးမူဝါဒရေးဆွဲနိုင်ရေး ဆောင်ရွက်နေမှုများအပေါ် ရှင်းလင်းပြောကြားခဲ့ပြီး ရှေ့ဆက်လက်၍ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မည့်ကိစ္စရပ်များအပေါ် ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
Source: MOSWRR
#hl1
#npw_sep2019