စက်တင်ဘာ ၇၊တောင်ကြီး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည်အရပ်ဖက်အဖွဲ့အစည်းများ၊သဘာဝဘေးကူညီကယ်ဆယ်ရေးပရဟိတအဖွဲ့အစည်းများ၊လူငယ်ရေးရာကော်မတီဝင်များ၊အဖွဲ့အစည်းအသီးသီးမှလူငယ်များ၊ရပ်မိရပ်ဖများ၊ဒေသခံပြည်သူများနှင့်တောင်ကြီးမြို့၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံးခန်းမ၌ယနေ့နံနက်ပိုင်းကတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲတွင်ပြည်ထောင်စုဝန်ကြီးကမိမိတို့ဝန်ကြီးဌာနအနေဖြင့်လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊လူကြောင့်ဖြစ်သောဘေး၊သဘာဝကြောင့်ဖြစ်သောဘေးများဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများ၊လူမှုဒုက္ခများ၊ဘေးအန္တရာယ်ခံစားရမှုများတွင်လိုအပ်သောပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်သက်ဆိုင်သည့်မူဝါဒများရေးဆွဲပြီးမဟာဗျူဟာများချမှတ်ကာလုပ်ငန်းစီမံချက်များဖြင့်အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊လူမှုကာကွယ်စောင့်ရှောက်ရေးမဟာဗျုဟာအရဦးစားပေးလုပ်ငန်း (၈)ခုချမှတ်ပြီးလူမှုရေးဝန်ဆောင်မှုများနှင့်ငွေကြေးထောက်ပံ့မှုများကိုဆောင်ရွက်လျက်ရှိပါကြောင်း၊ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းမှမွေးဖွားသောအသက် (၂)နှစ်အောက်ကလေးငယ်များကိုငွေကြေးထောက်ပံ့ခြင်းMaternal and Child Cash Transfer – MCCTအစီအစဉ်ကိုဒေသအလိုက်အညွှန်းကိန်းများအရဦးစားပေးအစီအစဉ်ဖြင့်ဆောင်ရွက်ပေးခြင်းသည်လူ့ဘဝအစရက် (၁၀၀၀)အတွင်းအာဟာရနှင့်ကျန်းမာရေးဆိုင်ရာလိုအပ်ချက်များပြည့်မီ၍ဦးနှောက်ဖွံ့ဖြိုးမှုနှင့်ကိုယ်ခန္ဓာပုံမှန်ကြီးထွားစေရန်ရည်ရွယ်ပါကြောင်း၊အဆိုပါအစီအစဉ်ကို ၂၀၁၉- ၂၀၂၀ဘဏ္ဍာနှစ် တတိယ(၃)လပတ်မှစ၍ရှမ်းပြည်နယ်တွင်စတင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊လူမှုရေးဝန်ဆောင်မှုလုပ်ငန်းများကိုဝန်ကြီးဌာနတစ်ခုတည်းကဆောင်ရွက်၍မရနိုင်ပါသဖြင့်အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများ နှင့်ပရဟိတအဖွဲ့အစည်းများကပူးပေါင်းပါဝင်ရန်လိုပါကြောင်း၊အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝလုံခြုံမှုရှိစေရန်ဝန်ကြီးဌာနကဦးဆောင်၍မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီကိုကလေးသူငယ်များနှင့်အမျိုးသမီးအရေးတက်ကြွစွာဆောင်ရွက်လျက်ရှိသည့်အဖွဲ့(၇)ဖွဲ့ဖြစ်သောမြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၊မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း၊ကျား/မရေးရာတန်းတူညီမျှရေးကွန်ရက်၊အမျိုးသမီးအဖွဲ့အစည်းများကွန်ရက်၊ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေးအသင်းတို့ဖြင့်ဖွဲ့စည်းထားပါကြောင်း၊တိုင်းဒေသကြီး/ ပြည်နယ်အမျိုးသမီးကော်မတီများလည်းဖွဲ့စည်းထားပြီးဖြစ်ရာယခုရှမ်းပြည်နယ်အမျိုးသမီးကော်မတီအနေဖြင့်MCCT အစီအစဉ်အကောင်အထည်ဖေါ်ရာတွင်ပူးပေါင်းပေးရန်တိုက်တွန်းပါကြောင်း၊လူငယ်များ၏ရပ်တည်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုအတွက်ကဏ္ဍ(၁၆)ရပ်ပါဝင်သောလူငယ်ရေးရာမူဝါဒရေးဆွဲပြီးမဟာဗျူဟာချမှတ်ကာဒေသအသီးသီးကဦးစားပေးလိုသည့်ကဏ္ဍများရွေးချယ်ထားပြီးဖြစ်ကြောင်း၊ရှမ်းပြည်နယ်တွင်လည်းအကောင်အထည်ဖော်နေပြီဖြစ်ရာလူငယ်များအတွက်လူငယ်စင်တာတည်ဆောက်ရန်လိုအပ်ပါကြောင်း၊သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရများကလူငယ် ရေးရာဆိုင်ရာဘဏ္ဍာငွေကိုသတ်မှတ်သုံးစွဲမည်ဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် ဥပဒေဘောင် အတွင်းစည်းလုံးညီညွတ်စွာနေထိုင်ကြရန်လိုကြောင်း၊ မိမိတို့လူငယ်ဘဝအချိန်ပိုင်းကိုအကျိုးရှိစွာအသုံးချကြပြီးနောင်လူငယ်များကိုကောင်းသောအမွေများလက်ဆင့်ကမ်းပေးနိုင် အောင် ကြိုးစားကြစေလိုကြောင်း၊ အစိုးရကလူငယ်များဘေးကင်းလုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်တွင် မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်စခန်းအခြေပြု၊ရပ်ရွာအခြေပြုသင်တန်းများဖွင့်လှစ်၍ရုပ်ပိုင်း၊စိတ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ပေးခြင်း၊မူးယစ်သံသရာပြန်မလည်စေရန်သက်မွေးဝမ်းကျောင်းပညာရပ်များချိတ်ဆက်သင်ကြားပေးခြင်း၊လူမှုပတ်ဝန်းကျင်တွင်ပြန်လည်ဝင်ဆံ့နိုင်ရန်ကြိုးပမ်းဆောင်ရွက်ရေးစီစဉ်ထားရှိကြောင်း၊မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးလုပ်ငန်းပိုမိုထိရောက်စေရန်သင်တန်းကာလကို (၃)မှ (၆)လအထိတိုးမြှင့်ဖွင့်လှစ်ရန်ကြိုးပမ်းနေပါကြောင်းနှင့်မိမိတို့ဝန်ကြီးဌာန၏လုပ်ငန်းစီမံချက်များကိုပြည်သူများ၊လူမှုအဖွဲ့အစည်းများ၊ပရဟိတအဖွဲ့အစည်းများ၊ဖေါင်ဒေးရှင်းများကဆက်လက်ပူးပေါင်းပါဝင်ကူညီကြစေလိုကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက်ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်ကရှမ်းပြည်နယ်အတွင်းဆောင်ရွက်လျက်ရှိသောလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနလုပ်ငန်းများနှင့်ထောက်ပံ့ပေးမှုများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်ရေးရာကိစ္စများကိုချိတ်ဆက်ဆောင်ရွက်နိုင်ရန်ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးနေရာတွင်လူငယ်စင်တာအစည်းအဝေးခန်းနှင့်အားကစားလေ့ကျင့်ရန်နေရာများထည့်သွင်းဆောက်လုပ်လျက်ရှိကြောင်းနှင့်တိုက်ပွဲရှောင်ပြည်သူများနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု များကိုရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ထို့နောက်လူမှုဝန်ထမ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ကကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းမှမွေးဖွားသောအသက် (၂)နှစ်အောက်ကလေးငယ်များကိုငွေကြေးထောက်ပံ့ခြင်း (Maternal and Child Cash Transfer – MCCT) အစီအစဉ်ကိုရှမ်းပြည်နယ်အတွင်းစတင်ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ရှင်းလင်းတင်ပြခြင်း၊ရှမ်းပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ပြည်နယ်ဦးစီးမှူးက DAN Mobile Application နှင့်စပ်လျဉ်း၍မိတ်ဆက်ရှင်းလင်းခြင်းများကိုဆောင်ရွက်ခဲ့ကြပါသည်။
ယင်းနောက်ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီဝင်များနှင့်တက်ရောက်လာကြသူများကလူငယ်စင်တာရရှိရေး၊လူငယ်နှင့်ပညာရေးကိစ္စရပ်များ၊မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍မေးမြန်းဆွေးနွေးကြရာတာဝန်ရှိသူများကပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်ရှမ်းပြည်နယ်အတွင်းရှိတိုက်ပွဲရှောင်ပြည်သူ(၁၄၁၃)ဦးအတွက်ဆန်ဘိုးငွေတစ်လစာထောက်ပံ့ငွေကျပ် ( ၁၂၇.၁၇)သိန်းကိုပြည်နယ်အစိုးရတာဝန်ရှိသူများထံပေးအပ်ခဲ့ပါသည်။
ယင်းနောက်ဦးညွှန့်မောင် (မေတ္တာရှင်အဖွဲ့)ကတိုက်ပွဲရှောင်ပြည်သူများအတွက်လှူဒါန်းငွေကျပ် (၂၅)သိန်းကိုပေးအပ်လှူဒါန်းရာပြည်ထောင်စုဝန်ကြီးကလက်ခံပြီးပြည်နယ်အစိုးရအဖွဲ့ထံသို့လွှဲပြောင်းပေးအပ်ခဲ့သည်။ဆက်လက်၍မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးနှင့် ပတ်သက်၍ ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့၊ရွှေပြည်အေးပြန်လည်ထူထောင်ရေးစခန်းအတွက်ဦးညွှန့်မောင် (မေတ္တာရှင်အဖွဲ့)မှရေအိမ် (၄)လုံးဆောက်လုပ်ရန်လှူဒါန်းငွေကျပ် (၂၅)သိန်း၊ဦးဇော်ဇော်ဦးနှင့်အဖွဲ့ (အောင်မြင့်မိုရ်ကုမ္ပဏီ)ကသံကုတင် (၃၀)လုံး၊မွေ့ယာ၊ခေါင်းအုံး၊ခြင်ထောင်၊စောင်အစုံ (၃၀) အတွက်လှူဒါန်းငွေ (၄၅)သိန်း၊ဦးဧရာလင်း ( မြန်မာကြယ်စင်လင်းကုမ္ပစဏီ)ကဝန်ထမ်းအိမ်ယာ၊သင်တန်းသားအိပ်ဆောင်များတွင်မီတာဘောက်စ် (၃)ခုနှင့်ဆက်စပ်လျှပ်စစ်ပစ္စည်းများတပ်ဆင်ခြင်းအတွက်လှူဒါန်းငွေကျပ် (၂၃)သိန်းနှင့် မွန်ပြည်နယ်အတွင်းရှိရေဘေးသင့်ပြည်သူများပြန်လည်ထူထောင်ရေးအတွက်အူရ်ရမာ၊အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းကလှူဒါန်းငွေကျပ် (၂၀)သိန်းကိုအသီးသီးပေးအပ်ရာပြည်ထောင်စုဝန်ကြီးကလက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။