မသန်စွမ်းသူများ၏အခွင့်အရေးများဖော်ဆောင်ပေးနေခြင်းသည် မြန်မာနိုင်ငံကလူ့အခွင့်အရေးကိုအလေးထားမှုသိသာထင်ရှားကြောင်း ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးပြောကြား

စက်တင်ဘာ ၅၊ နေပြည်တော်

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာနနှင့် Voluntary Service Overseas (VSO)တို့ပူးပေါင်းပြီး မသန်စွမ်းသူများ တရားမျှတမှုရရှိပိုင်ခွင့်ဆွေးနွေးပွဲအကျဉ်းချုပ်အစီရင်ခံစာနှင့် မသန်စွမ်းစစ်တမ်းကောက်ယူခြင်း ဆိုင်ရာနည်းလမ်းများ ရှင်းလင်းတင်ပြခြင်းအစည်းအဝေးကိုယနေ့နံနက်(၉)နာရီခွဲအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

        ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မသန်စွမ်းသူများတရားမျှတမှု ရရှိပိုင်ခွင့်နှင့်ပတ်သက်၍ တစ်ကမ္ဘာလုံးမှလည်း စိတ်ဝင်စားအလေးထားဆောင်ရွက်နေကြပါ ကြောင်း၊ မသန်စွမ်းသူများ တရားမျှတမှုရရှိပိုင်ခွင့်အတွက် ဆောင်ရွက်ပြီးလုပ်ငန်းများရှိသလို ရှေ့လုပ်ငန်းစဉ်များလည်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အစိုးရနှင့် အဖွဲ့အစည်းအသီးသီးပူးပေါင်းပြီး မသန်စွမ်းသူများကဏ္ဍအသီးသီးတွင် ပါဝင်နိုင်စေရန်၊ ၎င်းတို့ ကိုယ်တိုင်မှလည်း အသိပညာများရရှိစေရန်နှင့် ပြည်သူလူထုမှလည်း မသန်စွမ်းသူများနှင့် ပတ်သက်၍ အသိပညာဗဟုသုတများသိရှိနားလည်ရန်လိုအပ်ပါကြောင်း၊ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းသည်လည်း အရေးကြီးသော ကဏ္ဍဖြစ်သဖြင့် မသန်စွမ်းမှုစစ်တမ်းများ ကောက်ယူခြင်းဖြစ်ပါကြောင်း၊ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းဟု ဆိုရာတွင် မသန်စွမ်းများအား ခွဲခြားဆက်ဆံခြင်းမဟုတ်ပါကြောင်း၊ မသန်စွမ်းမှုအဆင့်သတ်မှတ်ပေးခြင်းဖြင့် မသန်စွမ်းသူများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် အထောက်အကူဖြစ်ပါကြောင်း၊ စစ်တမ်းကောက်ယူရာမှာလည်း မသန်စွမ်းသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အစိုးရမဟုတ် သောအဖွဲ့အစည်းများအားလုံးက ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မသန်စွမ်းသူများ၏အခွင့်အရေးကိုဖော်ဆောင်ပေးနေခြင်းသည် မြန်မာနိုင်ငံကလူ့အခွင့်အရေးနှင့်ပတ်သက်၍ အစဉ်အမြဲအလေးထားဆောင်ရွက်ခြင်းကို ပြသနေကြောင်းပြောကြားခဲ့ပါသည်။

        ထို့နောက် Ms. Amy Hamerton, Voluntary Service Overseas (VSO)မှ  မသန်စွမ်း သူများ တရားမျှတမှုရရှိပိုင်ခွင့် အလုပ်ရုံဆွေးနွေးပွဲအစီရင်ခံစာနှင့် မသန်စွမ်းစစ်တမ်းကောက်ယူ ခြင်းနည်းလမ်းများနှင့်ပတ်သက်၍တင်ပြရာ အစည်းအဝေးတက်ရောက်လာသူများက အကြံပြု ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးကနိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။

        အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events