နေပြည်တော်၊စက်တင်ဘာ၅
မြန်မာနိုင်ငံအတွင်းရေဘေးဒဏ်ခံရသည့်ဒေသများအတွက်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင်အသုံးပြုနိုင်ရန်အတွက် Industrial Bank of Korea (IBK) ကအမေရိကန်ဒေါ်လာ (၃၀,၀၀၀)ကိုလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ယနေ့မွန်းလွဲပိုင်းတွင်အဆိုပါဝန်ကြီးရုံးခန်းမ၌လာရောက်လှူဒါန်းရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ဘဏ္ဍာငွေရှာဖွေရေးနှင့်ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီဥက္ကဌပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးကလက်ခံခဲ့ပါသည်။
Industrial Bank of Korea (IBK)အနေဖြင့် လူမှုရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက် ပေးနေသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရလေ့ရှိသည့် နိုင်ငံဖြစ်သည့်အတွက် အစိုးရအနေဖြင့် ပြည်သူများနှင့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊လူမှုရေးအဖွဲ့အစည်းများ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များဖြင့် ပူးပေါင်း၍ ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း၊ ယခုလိုကိုရီးယား-မြန်မာချစ်ကြည်ရေးအခန်းကဏ္ဍသစ် ဖွင့်လှစ်နိုင်ခဲ့ပြီးကိုရီးယားနိုင်ငံသမ္မတကြီး မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်လည်ပတ်သည့်အချိန်ကာလတွင် ကိုရီးယားသမ္မတနိုင်ငံအခြေစိုက် (IBK)က လာရောက်လှူဒါန်းသည့်အတွက် မင်္ဂလာရှိသောအခါသမယ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် အောင်မြင်မှုများရရှိပါစေကြောင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများပိုမိုဆောင်ရွက်စေလိုပါကြောင်းဆုမွန်ကောင်းတောင်းပေးပြီးကျေးဇူးတင်စကားပြောကြားခဲ့ကာဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။