အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့မှုများနှင့်တနသာၤရီတိုင်းဒေသကြီးအတွင်း ရေနစ်မြုပ်သွားသောစိုက်ပျိုးသီးနှံများ အတွက် ထောက်ပံ့မှုများပေးအပ်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက မြိတ်ခရိုင်၊ တနင်္သာရီမြို့သို့ ရောက်ရှိပြီး မြို့နယ်ခန်းမ၌ ဖွင့်လှစ်ထားသော ယာယီရေဘေးကယ်ဆယ်ရေးစခန်း၌ ရေဘေးသင့် ပြည်သူများအား အားပေးစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တနင်္သာရီမြို့၊ မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက တနင်္သာရီမြို့နယ် အတွင်းရေဘေးဖြစ်ပွားမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ယင်းနောက် ရေဘေးကယ်ဆယ်ရေးဆောင်ရွက်ပေးရာမှ သက်တမ်းတိုမျိုးစပါးအတွက် ထောက်ပံ့ ငွေကျပ် (၆၀.၆၉)သန်း၊ ဖိုက်ဘာစက်လှေ(၅)စီးအတွက် (၉၇.၅)သိန်း၊ ရေဘေးသင့်ပြည်သူ (၄၃၈) ဦးအတွက် ဆန်ရိက္ခာဘိုးငွေကျပ်(၉၁၉,၈၀၀) ၊ အသက်ဆုံးရှုံးသွားသော တပ်မတော်သား (၁)ဦးအတွက် အမျိုးသားသဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ငွေကျပ် (၂)သိန်း၊ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံများနှင့် ကလေးငယ်များအတွက် အာဟာရမုန့်များ၊ ကစားစရာအရုပ်များ ထောက်ပံ့ပေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကန်ကြီးဘုန်းကြီးကျောင်း၌ ဖွင့်လှစ်ထား သော ယာယီရေဘေးရှောင်စခန်းသို့ရောက်ရှိ၍ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံ အားပေးစကားပြောကြားပြီး စားနပ်ရိက္ခာများထောက်ပံ့ခြင်းနှင့် ကလေးငယ်များအား အာဟာရ မုန့်များ၊ ကစားရာအရုပ်များပေးဝေခဲ့ပါသည်။ ထို့နောက် ကျောင်းတိုက်ဆရာတော်အား ဖူးမျှော်၍ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခဲ့ပါသည်။ ယင်းနောက် ချောင်းကြီးဘုန်ကြီးကျောင်းရှိ ယာယီရေဘေးရှောင်စခန်းသို့ ဆက်လက်သွားရောက်ခဲ့ပြီး စားနပ်ရိက္ခာများထောက်ပံ့ခြင်းနှင့် ကလေးငယ်များအတွက် အာဟာရမုန့်များ၊ ကစားစရာအရုပ်များပေးဝေခဲ့ပါသည်။ ထို့နောက် သက်တော် (၁၀၁) နှစ်ရှိ ကျောင်းတိုက်ဆရာတော်အားဖူးမျှော်၍ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် တနင်္သာရီမြို့၊ ယာယီရေဘေးကယ်ဆယ်ရေးစခန်များ၌ ရေဘေးသင့် ပြည်သူများအားတွေ့ဆုံ၍ အားပေးစကားပြောကြားရာတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားစဉ် ယာယီစခန်းများ၌ လာရောက်နေထိုင်ရခြင်းသည် အချိန်ခဏသာဖြစ်ကြောင်း၊ သို့သော်လည်းတနင်္သာရီမြို့နယ်တွင် ရေးကြီးမှုများ နှစ်စဉ်ဖြစ်ပွားလျက်ရှိသည်ကိုသိရှိရကြောင်း၊ အသက်ဆုံးရှုံးမှုမရှိစေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးသည် အရေးကြီးပါကြောင်း၊ ကလေးငယ်များ၊ ကျောင်းသား၊ ကျောင်းသူများကိုလည်းရေးဘေး ဆောင်ရန်၊ ရှောင်ရန်နှင့် လိုက်နာရန်အချက်များကို အသိပညာပေးထားရန်လိုအပ်ကြောင်း၊ ယခုလို ယာယီနေထိုင်စဉ် ကာလအတွင်းစားနပ်ရိက္ခာများအတွက် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ ပြောင်းလဲလာသော ကမ္ဘာ့ရာသီဥတုအခြေအနေအရ မြန်မာနိုင်ငံတွင် မိုးတွင်းကာလတိုတောင်းလာပြီး ရွာချသည့် မိုးရေချိန် အလွန်များပြားလာသည်ဖြစ်ရာ မိုးကြီးခြင်းကြောင့် ရေကြီးရေလျှံဖြစ်ပွားမှုများ၏ ဒဏ်ကို ပြည်များခံစားရမှု လျှော့ချနိုင်ရန် အစီအမံများချမှတ်လျက်ရှိရာ ဤတနင်္သာရီ မြို့နယ်အတွင်း ဆောင်ရွက်ရန်ရှိသည်များကို ပြည်သူများထံမှ အကြံဉာဏ်များ ရယူလိုကြောင်းပြောကြား ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် တနသာၤရီမြို့မီးသတ်ဦးစီးဌာနတွင် ဖွင့်လှစ်ထားသော ကွပ်ကဲရေးစခန်းသို့ ရောက်ရှိပြီးဆန်ရိက္ခာများ၊ လှူဒါန်းပစ္စည်းများစနစ်တကျ ထောက်ပံ့နိုင်ရေးပေါင်းစပ် ညှိနှိုင်းခဲ့ပါသည်။
တနသာၤရီမြစ် ရေကြီးရေလျှံမှုကြောင့် ပြည်သူများ နှစ်စဉ် ရေဘေးဒဏ်ခံနေရသောကြောင့် (၂၀၁၄) ခုနှစ်တွင် မြစ်ရေးကြီးမှုမှ ကာကွယ်ရန် တာဖို့ခြင်း၊ ရေတံခါး (၂) ခုတည်ဆောက်ခြင်း၊ ရေစုပ်စက်ကြီး (၂) လုံးဖြင့် ရေစုပ်ထုတ်ခြင်းများကိုဆောင်ရွက်ထားရှိပြီးဖြစ်သော်လည်း ယခုအခါ ရေတံခါးမှ ရေမထုတ်နိုင်ခြင်း၊ မြို့အတွင်းစီးဝင်နေသောမိုးရေများနှင့်ရေတံခါးမလုံတော့သည့် အတွက် ကာလကြာရေကြီးမှု ဒဏ်ကိုခံစားနေရကြောင်း၊ ထိုမြစ်ရေကြီးရေလျှံမှုနှင့် မြို့တွင်း ရေကြီးမှုဒဏ်ကို လျော့ချနိုင်ရေးအတွက် ရေတံခါးများ ပြန်လည်ပြုပြင်ခြင်း၊ မြို့ပတ်တာ နှင့် ရေနှုတ်မြောင်းများပြုပြင်ခြင်းနှင့် တနင်္သာရီမြစ်ကြောင်းတိုင်းတာစစ်ဆေးခြင်းလုပ်ငန်းများ အတွက် အစီအမံများ ဆက်လက်ဆောင်ရွက်ရန်လိုအပ်လျက်ရှိရာ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ရန် စီစဉ်လျက်ရှိပါသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း လတ်လလောရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး စိုက်ပျိုး လယ်မြေများ ရေလွှမ်းပျက်စီးခဲ့ခြင်းကြောင့် အချိန်မီ စပါးများပြန်လည်စိုက်ပျိုးနိုင်ရန် လိုအပ်လျက်ရှိရာ ပြန်လည်စိုက်ပျိုးနိုင်မည့် လယ်ဧက (၆၀၆၉) ဧကရှိကြောင်း၊ တာဝန်ရှိဌာန ဆိုင်ရာများနှင့် တိုင်းဒေသကြီးအစိုးရ၏ အတည်ပြုချက်အရ အရေးပေါ်လိုအပ်သော သက်တမ်းတို မျိုးစပါးများဝယ်ယူအသုံးပြုနိုင်ရန် ဘေးသင့်ဒေသများအမြန်ပြန်လည် ထူထောင်ရေးပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့၏ အလျင်အမြန်ပူးပေါင်းဆောင်ရွက်မှုဖြင့် အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီရံပုံငွေက ထောက်ပံ့ခဲ့ကြောင်း သတင်းရ ရှိပါသည်။
#hl_1
#sep_2019
Source: MSWRR
စက်တင်ဘာလ၊ ၁၊ ၂၀၁၉ ၊ တနင်္သာရီ