သြဂုတ်လ ၊ ၃၁ ၊ ၂၀၁၉ ၊ ထားဝယ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် လူငယ်ရေးရာမူဝါဒဆိုင်ရာကိစ္စများကို ညှိနှိုင်းပူးပေါင်း ဆောင်ရွက် ပေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါလျက် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြင့်မောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်တွေ့ဆုံ၍ ရေးဘေးသင့်ဒေသများ အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးမှုကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ပါသည်။
အစည်အဝေးတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ကြောင့် စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးမှုအခြေအနေ၊ သဘာဝဘေးဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စက်တပ်လှေများလိုအပ်မှုအခြေအနေ၊ ဘက်စုံသုံးဘေးဒဏ်ခံ အဆောက်အဦ လိုအပ်မှုအခြေအနေတို့နှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေး ခဲ့ကြပါသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ထားဝယ်မြို့တော်ခန်းမ၌ သဘာဝဘေးကူညီ ကယ်ဆယ်ရေး၊ အရေးပေါ်တုန့်ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ လူငယ်ရေးရာမူဝါဒဆိုင်ရာ ကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးရန်အတွက် သဘာဝဘေးကူညီ ကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့အစည်းများ၊ လူငယ်ရေးရာကော်မတီဝင်များ၊ ပြည်တွင်း၊ ပြည်ပ လူမှုရေးအဖွဲ့အစည်းများ၊ ဒေသခံရပ်မိရပ်ဖများနှင့် တွေ့ဆုံခဲ့ပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေး ကိစ္စများ၊ လူကြောင့်ဖြစ်သောဘေးနှင့် သဘာဝကြောင့်ဖြစ်သော ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုများ၊ အဆိုပါကဏ္ဍများအလိုက် လိုအပ်သော ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေနှင့် မဟာဗျူဟာများ ချမှတ်အကောင်အထည် ဖေါ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ကြီးဌာန၏ဆောင်ရွက်ချက်များ သည် ပြည်သူများ၊ လူမှုအဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့အစည်းများ၊ ဖေါင်ဒေးရှင်းများနှင့် ချိတ်ဆက် ပူးပေါင်းရကြောင်း၊ အနာဂတ်၌ တာဝန်များကိုလွှဲပြောင်းယူရမည့် လူငယ်များနှင့်ပတ်သက်၍လည်း တာဝန်ရှိ ပါကြောင်း၊ လူငယ်များတွင် အတွေးအမြင်အသစ်များ၊ တီထွင်ကြံဆလုပ်ဆောင်နိုင်မှုများ ရှိပါကြောင်း၊ လူငယ်များသည် မိမိတို့၏ အချိန်များကိုတန်ဖိုးရှိစွာ အသုံးချတတ်ရန်လိုကြောင်း၊ ထို့အတွက် ဝန်ကြီးဌာနက လူငယ်ရေးရာမူဝါဒကို ကိုယ်စားပြုလူငယ်များကိုယ်တိုင်ပါဝင်၍ ရေးဆွဲခဲ့ကြောင်း၊ လူငယ်များ နှင့်ပတ်သက်သည့် ကဏ္ဍ(၁၆)ရပ် ပေါ်ထွက်လာကြောင်း၊ မဟာဗျူဟာလည်း ရေးဆွဲ ချမှတ်နိုင်ပြီဖြစ်ကြောင်း၊ ဒေသတစ်ခုနှင့်တစ်ခု အခြေအနေများမတူညီကြသည့်အတွက် ဒေသအလိုက် ဦးစားပေးကဏ္ဍများ၏ လုပ်ငန်းစဉ်များ၊ စီမံချက်များချမှတ်ရာတွင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများနှင့် ကိုက်ညီမှုရှိအောင် ချိတ်ဆက်ရမှာ ဖြစ်ကြောင်း၊ တနင်္သာရီတိုင်း ဒေသကြီးတွင်လည်း လူငယ်ရေးရာကော်မတီအဖွဲ့ဝင် လူငယ်များရှိကြောင်း၊ လူငယ်များအားလုံးက လူငယ်ရေးရာမူဝါဒအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလေ့လာရန်လိုကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာအစိုးရအဖွဲ့ဝင်များ၊ လူငယ်ရေးရာကော်မတီဝင် များ၊ ပြည်တွင်း၊ ပြည်ပ လူမှုအဖွဲ့အစည်းများက ချိတ်ဆက်ပူးပေါင်းရန်တိုက်တွန်းပါကြောင်း၊ ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ ကမ္ဘာ့ရာသီဥတုပြောင်းလဲ ဖောက်ပြန်လာ ခြင်း၏ အကျိုးဆက်များအဖြစ် မိမိတို့နိုင်ငံတွင်လည်း မထင်မှတ်သော ပြင်းထန်သော ပုံမှန်မဟုတ်သော သဘာဝဘေးအန္တရာယ်များ ကျရောက်နိုင်ကြောင်း၊ ပြောင်းလဲလာသော ကမ္ဘာ့ရာသီဥတုနှင့် လိုက်လျော ညီထွေရှိရန် ဘေးအန္တရာယ်များနှင့်ပတ်သက်လျှင် စီမံခန့်ခွဲမှုပုံစံများ ပြောင်းလဲဆောင်ရွက်နေကြောင်း၊ ဘေးကျရောက်ပါက အန္တရာယ်ဖြစ်ပွားမှုကို လျော့ချရန်အရေးကြီးကြောင်း၊ သို့မှသာ ဖြစ်ပွားပါက အလျင်အမြန်တုန့်ပြန် ဆောင်ရွက်မှုများတွင်ထိရောက်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌ လျင်မြန်မှာဖြစ်ကြောင်း၊ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခြင်းဖြင့် ဘေးအန္တရာယ်များကို လျော့ချနိုင်ကြောင်း၊ ကြိုတင်ပြင်ဆင်မှုများ၌ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာ အတက်ပညာများ ရှိရန်လိုကြောင်း၊ ဟင်္သာတမြို့၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းကျောင်း၌ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းများကို စနစ်တကျ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ အဖွဲ့အစည်းအသီးသီးမှ တက်ရောက်ရန် တိုက်တွန်းလိုပါကြောင်း၊ စီမံခန့်ခွဲမှုလုပ်ငန်းများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဖွဲ့စည်းဆောင်ရွက်ပါကြောင်း၊ လုပ်ငန်း ကော်မတီ (၁၂)ခုရှိပါကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အဆင့်ဆင့်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုှု ကော်မတီများဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါကော်မတီဝင်များ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကူညီကယ်ဆယ်ရေးအဖွဲ့ အစည်းများ၊ လူမှုအဖွဲ့အစည်းများက ကွန်ယက်သဖွယ် ချိတ်ဆက်ထားရန်နှင့် အလျင်အမြန် တုန့်ပြန် အကောင်အထည်ဖော်နိုင်ရန် အသင့်ရှိစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် တက်ရောက်လာကြသူများက လူငယ်စင်တာ ဆောက်လုပ်နိုင်ရေးကိစ္စများ၊ သဘာဝဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် လူငယ်များက ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ရန် ကိစ္စများ၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး သင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေးကိစ္စများ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းကို တိုင်းဒေသကြီးအတွင်း၌ပင် ဖွင့်လှစ်ပေးနိုင်ရေးကိစ္စများကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည် ဆွေးနွေး ဖြေကြားပေးခဲ့ကြပါသည်။
ဆက်လက်၍ ရေဘေးသင့်ဒေသများအတွက် DIJAC, AFA နှင့် ဖူးကတ်မြို့နေ ပရဟိတအဖွဲ့အစည်းများနှင့် ရွှေ့ပြောင်း အလုပ်သမားများက ငွေကျပ်သိန်း(၃၀)ကို လှူဒါန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: MoSWRR
#hl1
#tny_sep2019