လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးသည် မေလ (၁၂) ရက်နေ့တွင် အမြဲတမ်းအတွင်း၀န် ဦးစိုးအောင် နှင့် တာ၀န်ရှိသူများလိုက်ပါလျက် မေလ (၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ဆုံးရှုံးခဲ့မှုများ ကြုံတွေ့ခဲ့ရသည့် မကွေးတိုင်းဒေသကြီး၊ သရက်မြို့နှင့် ကံမမြို့သို့ သွားရောက်ခဲ့ပါသည်။
မေလ (၁၃) ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စု၀န်ကြီးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ သရက် မြို့နယ်၊ ပါးပွတ်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ပြုလုပ်သော သရက်မြို့နယ် လေဘေး သင့်ပြည်သူများအား အိမ်ဆောက်ပစ္စည်းဖိုးငွေနှင့်ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပွဲသို့ တက်ရောက်ပါသည်။ အခမ်းအနားတွင် ပြည်ထောင်စု၀န်ကြီးမှ ဘေးသင့်ပြည်သူများအား နှစ်သိမ့်အားပေးကာ ထောက်ပံ့မှုများ နှင့်ပတ်သက်မှုများ၊ ၀န်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ပြည်သူတို့ ပံ့ပိုးကူညီမှုဖြင့်ထိရောက်သော အောင်မြင်မှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။ ဆက်လက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန အမြဲတမ်းအတွင်း၀န် ဦးစိုးအောင်မှ ကယ်ဆယ်ရေးစည်းမျဉ်း စည်းကမ်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။ ထို့နောက် ပြည်ထောင်စု၀န်ကြီးသည် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေများ ပေးအပ်ရာ ပြိုလဲအဆောက်အဦ (၄) ခုနှင့် အမိုးအကာ ပျက်စီးသွားသောအိမ် (၁၄၄) အိမ်အတွက် ထောက်ပံ့ငွေ စုစုပေါင်း (၃၈၇၉၂၀၀/-) ကျပ်နှင့် ပါးပွတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းပျက်စီးမှုအတွက် ထောက်ပံ့ငွေကျပ် (၆၀၀၀၀/-) တို့ကို သက်ဆိုင်ရာ အိမ်ထောင်စုများနှင့် တာ၀န်ရှိသူများထံသို့လည်းကောင်း၊ ကလေးငယ်များအား ကစားစရာ များကိုလည်းကောင်း ပေးအပ်ပါသည်။ ထို့နောက် လေဘေးသင့်ပြည်သူများကိုယ်စား ဒေသခံတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားပါသည်။ ဆက်လက်၍ ပြည်ထောင်စု၀န်ကြီးနှင့် တက်ရောက်လာသည့် ဒေသခံများ ဆွေးနွေးကြရာ ပါးပွတ်ကျေးရွာ အခြေခံအလယ်တန်းကျောင်းခွဲ ပြုပြင်ထိန်းသိမ်းရန်အတွက် ငွေကျပ် (၁၀) သိန်းကို ကျောင်း အကျိုးတော်ဆောင်များထံ ထောက်ပံ့ပေးအပ်ပါသည်။
ဆက်လက်၍ ပြည်ထောင်စု၀န်ကြီးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး ကံမမြို့၊ ကျောက်စောင်း ကျေးရွာသို့ သွားရောက်ကာ ဘေးသင့်ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြား ပါသည်။ ထို့နောက် ပြည်ထောင်စု၀န်ကြီးသည် ကံမမြို့နယ်၊ ကျောက်စောင်းကျေးရွာ အခြေခံပညာအထက် တန်းကျောင်းခွဲတွင် ပြုလုပ်သော ကံမမြို့နယ် လေဘေးသင့်ပြည်သူများအားထောက်ပံ့ပွဲသို့ တက်ရောက် ကာ ဘေးသင့်ပြည်သူများအား ထောက်ပံ့ရခြင်းအကြောင်းအရင်းများ၀န်ကြီးဌာနမှ ဘေးသင့်ပြည်သူများ အား အမြန်ဆုံးထောက်ပံ့နိုင်ရန် လုပ်ဆောင်နေမှုအခြေအနေများ ပြည်သူများ၏ ပူးပေါင်းပါ၀င်မှုဖြင့် အောင်မြင်နိုင်မှုများ သဘာ၀ဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အမြန်ဆုံးဆက်သွယ်နိုင်ရန် hotline တယ်လီဖုန်းနံပါတ်များဖြစ်သော (၀၆၇-၄၀၄၆၆၆၊၀၆၇-၄၀၄၇၇၇) တို့ကို ဆက်သွယ်နိုင်ကြောင်း၊ ထိရောက်သော ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားပါ သည်။ ဆက်လက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန အမြဲတမ်း အတွင်း၀န် ဦးစိုးအောင်မှ ကယ်ဆယ်ရေးစည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပါ သည်။ အစီအစဉ်အရ ပြည်ထောင်စု၀န်ကြီးမှ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေများပေးအပ်ရာ အိမ်တခုလုံးပြိုလဲသည့် အိမ် (၁၅) လုံးနှင့် အမိုးအကာပျက်စီးသွားသော အိမ် (၆၁၉) ခု အတွက် ထောက်ပံ့ငွေ စုစုပေါင်း (၁၆၅၅၃၆၀၀/-) ကျပ်တို့ကို သက်ဆိုင်သည့် အိမ်ထောင်စုများ ထံသို့လည်းကောင်း၊ ကလေးငယ်များအား ကစားစရာများကိုလည်းကောင်း ထောက်ပံ့ပေးအပ်ပါသည်။ ထို့နောက် လေဘေးကြောင့် ပြတ်တောက်သွားခဲ့သည့် လျှပ်စစ်မီးကြိုးများအား နေအိမ်များတွင် ပြန်လည် သွယ်တန်းနိုင်ရန်အတွက် ထောက်ပံ့ငွေကျပ် (၈) သိန်းအား ကျေးရွာတာ၀န်ရှိသူများထံသို့ ထောက်ပံ့ ပေးအပ်ပါသည်။
ထို့နောက် ပြည်ထောင်စု၀န်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး ပြည်မြို့သို့ရောက်ရှိရာ ပြည်မူကြို ကျောင်းသို့သွားရောက်ပြီး မူလတန်းကြိုကျောင်းတွင် တက်ရောက်နေသော ကလေးသူငယ်များနှင့် ရင်းရင်း နှီးနှီးတွေ့ဆုံ၍ မူလတန်းကြိုကျောင်းရှိ ဆရာမများအား လိုအပ်သည်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြပါသည်။ ထို့နောက် ပြည်ထောင်စု၀န်ကြီးသည် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိခရိုင် ကယ်ဆယ်ရေး သိုလှောင်ရုံသို့ သွားရောက်ကြည်ရှုခဲ့ပါသည်။
ထို့ပြင် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနသည် မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၀) အုပ်စုမှ ကျေးရွာပေါင်း (၁၆) ရွာတွင် မေလ (၁၂) ရက်နေ့တွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်းများကြောင့် ပြိုကျပျက်စီးခဲ့သော အိမ်ခြေ (၂၇) လုံး၊ အမိုးလန် (၆၉) လုံး၊ မိုးသီးကြွေကျမှု ကြောင့် အမိုးပေါက်အိမ်ထောင်စု (၃၇) လုံးတို့အတွက် ထောက်ပံ့ငွေကျပ် (၃၄၇၀၀၀၀/-) ကျပ်အား ပေးအပ် ခဲ့ပါကြောင်း သတင်းရရှိပါသည်။