သြဂုတ်၂၆၊နေပြည်တော်
ပဋိပက္ခအတွင်းအမျိုးသမီးများအားအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီ၏လုပ်ငန်းစီမံချက်(မူကြမ်း)အတည်ပြုနိုင်ရေးနှင့်Technical Working Group ဖွဲ့စည်းဆောင်ရွက်နိုင်ရေးအကြံပြုဆွေးနွေးခြင်းများအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင်ပဋိပက္ခအတွင်းအမျိုးသမီးများအား အကြမ်းဖက်မှု တားဆီးကာကွယ် ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီဥက္ကဌ ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယခုအစည်းအဝေးသည် ပဋိပက္ခအတွင်းအမျိုးသမီးများအား အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးနှင့်တုန့်ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မ၏ (၄)ကြိမ်မြောက်အစည်းအဝေးဖြစ်ကြောင်း၊ ကုလသမဂ္ဂဆိုင်ရာမြန်မာ အမြဲတမ်းကိုယ်စားလှယ်နှင့် ပဋိပက္ခအတွင်းအမျိုးသမီးများအားအကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်တို့အကြား ပဋိပက္ခအတွင်းလိင်အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဆိုင်ရာ ပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ထို့အတွက် မိမိတို့အနေဖြင့် အမျိုးသားအဆင့် ကော်မတီကိုဖွဲ့စည်း၍ အကောင်အထည်ဖေါ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယနေ့အစည်းအဝေး၌ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၂၀၁၆၊ အပိုဒ် (၁၀)အရ အကောင်အထည်ဖေါ်ရမည့် အချက် (၃)ချက်နှင့် ပူးတွဲကြေညာချက်ပါ ဦးစားပေးကဏ္ဍ(၆) ရပ်တို့အပေါ် အခြေတည်၍ ရေးဆွဲထားသော အမျိုးသားအဆင့် လုပ်ငန်းစီမံချက် (မူကြမ်း) ကို အတည်ပြုနိုင်ရေး ညှိနှိုင်းကြမည်ဖြစ်ကြောင်း၊ လုပ်ငန်းစီမံချက် (မူကြမ်း)နှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနဆိုင်ရာအသီးသီး၏ သဘောထားမှတ်ချက်များ ရယူခဲ့ပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ သဘောထားအကြံပြုချက်များကိုလည်း ရယူခဲ့ပါကြောင်း၊အဆိုပါ အကြံပြုချက်များနှင့် ယခင် အစည်းအဝေးမှ ရရှိထားသော သုံးသပ်ချက်များကိုလည်း ကော်မတီဝင်များထံသို့ ပေးပို့ထားပြီးဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်တားဆီးရေးဥပဒေ ထွက်ပေါ်လာရေး ကြိုးပမ်းလျက်ရှိကြောင်း၊ ယခု လုပ်ငန်းစီမံချက် အကောင်အထည် ဖေါ်ဆောင်ရွက်မှု သည်အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံသည် အမျိုးသမီးများနှင့်ပတ်သက်၍ ရပ်တည်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကာကွယ်စောင့်ရှောက်မှုများအတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနည်းတူ ဆောင်ရွက်နေသည်ကို နိုင်ငံတကာသို့ ပြသနိုင်မည်ဖြစ်သည့်အပြင် မိမိတို့နိုင်ငံအပေါ် တစ်ဖက်သတ် စွပ်စွဲမှုများ ကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် သဘောထားမှတ်ချက်အရပြင်ဆင်ထားသည့်လုပ်ငန်းစီမံချက် (မူကြမ်း)အပေါ်အကြံပြုဆွေးနွေး ပေးကြရန်နှင့်ဆုံးဖြတ်ချက်များတစ်ပါတည်းချမှတ်နိုင်ပါရန်တိုက်တွန်းပါကြောင်းပြောကြားခဲ့ပါသည်။
Source: MOSWRR
#hl1
#npw_aug2019