ဩဂုတ်၂၂၊စစ်တွေ
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲရှောင်ရခိုင်တိုင်းရင်းသားများနှင့် ဒေသခံပြည်သူများ၏လိုအပ်ချက်များအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကယနေ့ညနေပိုင်းတွင်ထောက်ပံ့မှုများ ဆက်လက်ပေးအပ်ခဲ့ပါသည်။
ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲရှောင်ရခိုင်တိုင်းရင်းသားများနှင့် ဒေသခံပြည်သူများအတွက်နိုင်ငံတော်အစိုးရကကူညီထောက်ပံ့မှုများ ပေးအပ်လျက် ရှိရာ ထောက်ပံ့ငွေပေးအပ်ပွဲကိုရခိုင်ပြည်နယ်အစိုးရအဖွဲ့ဧည့်ရိပ်သာတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုနိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးခင်မောင်တင်၊ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင်ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက တိုက်ပွဲရှောင်ပြည်သူများအတွက် ဆန်ရိက္ခာဖိုး ငွေ (၁၅၆၅.၈၂) သိန်းအားထောက်ပံပေးအပ်ရာရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုကလက်ခံခဲ့ပါသည်။ ထောက်ပံ့မှုများကို ၂၀၁၈ခုနှစ်ဒီဇင်ဘာလ၊ တတိယ ပတ်မှ စတင်၍ဆန်ရိက္ခာဖိုးငွေများကိုထောက်ပံ့ပေးအပ်ခဲ့ပြီးယခုအကြိမ်သည် (၆) ကြိမ်မြောက်ထောက်ပံ့ပေးခြင်းဖြစ်ပါသည်။ တိုက်ပွဲရှောင်ပြည်သူ စုစုပေါင်း (၇၆၀၃၉) ဦးစာဆန်ရိက္ခာဖိုးငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများအတွက်စုစုပေါင်းငွေကျပ် (၁.၄၁၄) ဘီလီယံထောက်ပံ့ပေးအပ်ထားခဲ့ပါသည်။ လက်ရှိစခန်းများတွင်ကျန်ရှိသည့်တိုက်ပွဲရှောင်ပြည်သူ (၂၆၉၁၀) ဦးအပါအဝင်တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးပြီးဖြစ်ပါသည်။ လိုအပ်ချက်အရ ဆက်လက်ထောက်ပံ့သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
တိုက်ပွဲရှောင်ရခိုင်တိုင်းရင်းသားများနှင့် ဒေသခံများအတွက်ယာယီနေရာချထားပေးနိုင်ရေးအတွက် ဆောက်လုပ်လျက်ရှိသော တိုက်ပွဲရှောင် စခန်းများသည်လည်း (၈၀) ရာခိုင်နှုန်းခန့်ပြီးစီးနေပြီးမကြာမီနေထိုင်နိုင်တော့မည်ဖြစ်ကြောင်းသတင်းရရှိပါသည်။
တိုက်ပွဲရှောင် ပြည်သူများအတွက်လိုအပ်ချက်များရှိပါက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ အရေးပေါ် (၂၄)နာရီဝန်ဆောင်မှုရှိသောဖုန်း၀၆၇-၃၄၀၄၆၆၆၊၀၆၇-၃၄၀၄၇၇၇များသို့ဆက်သွယ်အကူအညီရယူနိုင်ကြောင်းသိရှိရပါသည်။
#hl1
#rke_aug2019
Source: MOSWRR