ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး လားရှိူးမြို့တွင် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ခြင်းနှင့် မူးယစ်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

၁၉-၈-၂၀၁၉၊ လားရှိုး
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီးဦးစိုးအောင်၊ တာဝန်ရှိသူတို့နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့သို့ ရောက်ရှိပြီးပြည်နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှူးရုံးတွင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင်များနှင့်တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲတွင်ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် သဘာဝဘေး၊လူကြောင့်ဖြစ်သော ဘေးများနှင့် ပတ်သက်၍စီမံခန့်ခွဲရန်တာဝန်ရှိကြောင်း၊အစိုးရသည်ပြည်သူများအားလုံးသာတူညီမျှခံစားရရှိရေးအတွက်ကြိုးစားဆောင်ရွက်လျက်ရှိရာဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုများတွင်မိမိတို့ဝန်ကြီးဌာနကအလျင်အမြန်တုန့်ပြန်ဆောင်ရွက်လျက်ရှိကြောင်း၊ယနေ့လာရောက်ခြင်းသည်သဘာဝဘေးများအပြင်လူကြောင့်ဖြစ်သောဘေးဖြစ်သည့်တိုက်ပွဲများကြောင့်နေရပ်စွန့်ခွာလာကြသောပြည်သူများကိုနှစ်သိမ့်အားပေးရန်နှင့်ထောက်ပံ့မှုများအလျင်အမြန်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ဒုတိယသမ္မတကဥက္ကဌအဖြစ်ဆောင်ရွက်သောအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကဦးဆောင်၍လုပ်ငန်းကော်မတီ (၁၂) ရပ်ဖြင့်ပူးပေါင်းဆောင်ရွက်လျက်သဘာဝဘေးစီမံခန့်ခွဲမှုကိုပြုလုပ်လျက်ရှိကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး၊ခရိုင်၊မြို့နယ်အဆင့်ဆင့်သည်လူမှုအဖွဲ့အစည်းများ၊ပြည်သူများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိရာရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းယနေ့ ဖြစ်ပေါ်လျက်ရှိသောတိုက်ပွဲများကြောင့် နေရပ်စွန့်ခွာပြည်သူများ၏ အခြေအနေနှင့်လိုအပ်ချက်များကိုသုံးသပ်ဆွေးနွေးပေးကြပါရန်ပြောကြားခဲ့ပါသည်။
ထို့နောက်တက်ရောက်လာကြသူများကဆွေးနွေးကြရာသြဂုဏ်လ (၁၅) ရက်နေ့မှ (၁၈)ရက်နေ့အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်၊ဆောင်ရွက်ထားရှိမှုနှင့်ထောက်ပံ့ပေးအပ်ထားမှု အခြေအနေများကိုလည်းကောင်း၊ ခရိုင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ ကယ်ဆယ်ရေး ပစ္စည်းများ ကိုပိုမိုထားရှိပေးနိုင်ရန်၊ဘက်စုံသုံးဘေးဒဏ်ခံအဆောက်အဦ ဆောက်လုပ်ပေးနိုင်ရန်နှင့် ရှမ်း ပြည်နယ်မြောက်ပိုင်း အတွက်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီသီးသန့်ဖွဲ့စည်းပေးနိုင်ရန်ကိစ္စရပ်များ ကိုတင်ပြခဲ့ကြရာပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများကပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်ပြီးပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်မန်ဆူရှမ်းကျောင်းသို့ရှောက်ရှိပြီးမန်ဆူဆရာတော်ထံသွားရောက်ဖူးမြော်ကြည်ညိုကာလှူဖွယ်ပစ္စည်းများကိုဆက်ကပ်လှူဒါန်းခဲ့ပါသည်။ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်တိုက်ပွဲရှောင်ပြည်သူများအတွက်စားနပ်ရိက္ခာများ၊အဝတ်အထည်များနှင့်ကလေးအသုံးအဆောင်ပစ္စည်များထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပါသည်။
ရှေးဦးစွာမန်ဆူရှမ်းကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန ္တပုညနန္ဒ (အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ)က သြဝါဒစကားချီးမြှင့်ခဲ့ပြီးပြည်ထောင်စုဝန်ကြီးက တိုက်ပွဲရှောင်ပြည်သူများအားနှစ်သိမ့်အားပေးစကားပြောကြားရာတွင် ဝန်ကြီးဌာနအနေဖြင့်ဘေးသင့်ပြည်သူများအတွက်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ခြင်း၊အလျင်အမြန်တုံ့ပြန်ဆောင်ရွက်ခြင်းနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်လူမှုအဖွဲ့အစည်းများ၊ပြည်သူများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိရာယခုတိုက်ပွဲရှောင်စခန်းတွင်ဌာနဆိုင်ရာများသာမကလူမှုအဖွဲ့အစည်းများပါပူပေါင်းဆောင်ရွက်လျက်ရှိသည်ကိုတွေ့ရှိရသည့်အတွက်ဝမ်းမြောက်ပါကြောင်း၊မိမိသည်တာဝန်ရှိပြည်ထောင်စုဝန်ကြီးတစ်ဦးအနေဖြင့်အစိုးရကိုယ်စားရောက်ရှိလာခြင်းဖြစ်ပါကြောင်း၊ထို့အပြင်ဘေးအန္တရာယ်များနှင့်ပတ်သက်၍အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏လုပ်ငန်းတာဝန်များမှမိမိတို့ဝန်ကြီးဌာနကတာဝန်ယူဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများကိုအကောင်အထည်ဖော်ရန်လည်းလာရောက်ခြင်းဖြစ်ပါကြောင်း၊တိုက်ပွဲရှောင်ပြည်သူများအနေဖြင့်ဤနေရာတွင်အားလုံးစုပေါင်းနေထိုင်ကြရသည့်အတွက်ကျန်းမာရေးနှင့်ပတ်သက်၍တစ်ဦးချင်းစီသည်တစ်ကိုယ်ရေသန့်ရှင်းရေးကိုအလေးထားရန်လိုအပ်ပါကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ကတိုက်ပွဲရှောင်ပြည်သူများအတွက်ဆန် (၆၅) အိတ်၊ငါးသေတ္တာ (၂၆၈) ဘူး၊ဆီ (၆၇) ပိသာ၊ကလေးငယ်များအတွက် အာဟာရမုန့်နှင့်အရုပ်များ၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် ရင်ခွင်မဲ့ကလေး(၃၂၂) ဦးအတွက်စောင် (၃၂၂) ထည်ကိုထောက်ပံ့ပေးအပ်ခဲ့ရာတာဝန်ရှိသူများက လက်ခံခဲ့ကြပါ သည်။
ယင်းနောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်တိုက်ပွဲရှောင်ပြည်သူများအားကျွေးမွေးစောင့်ရှောက်နေမှုအစီအစဉ်ကိုဆောင်ရွက်လျက်ရှိသောစေတနာရှင်ပြည်သူများ၊ပရဟိတအဖွဲ့များ၊မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဝင်များ၊ကမ္ဘောဇဖောင်ဒေးရှင်းတို့နှင့််အတူထမင်းထုပ်နှင့်အစားအသောက်များဝေငှခြင်းကိုပူးပေါင်းဆောင်ရွက်ခဲ့ပြီးတိုက်ပွဲရှောင်စခန်းသို့ရောက်ရှိနေသောမီးဖွားပြီးစမိခင်တစ်ဦးအားထောက်ပံ့ငွေပေးအပ်ခဲ့ပါသည်။
ဆက်လက်ပြီးပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်လာရှိုးပြည်သူ့ဆေးရုံတွင်တိုက်ပွဲများကြောင့်ထိခိုက်ဒဏ်ရာရရှိကာတက်ရောက်လျက်ရှိသောပြည်သူများအားသွားရောက်ကာအားပေးစကားပြောကြားခဲ့ပြီးထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်လားရှိုးမြို့ပြန်လည်ထူထောင်ရေးစခန်းသို့သွာရောက်ပြီးမူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးသင်တန်းသို့သွားရောက်ကာသင်တန်းသားများနှင့်တွေ့ဆုံပြီးပြောကြားရာတွင်မိမိတို့ဆန္ဒနှင့်အညီအသက်မွေးဝမ်းကျောင်းသင်တန်းများသင်ယူတတ်မြောက်သွားပြီးမူးယစ်သံသရာမှလွတ်မြောက်ရန်စိတ်ဓါတ်ခိုင်မာစွာဖြင့်ကြိုးပမ်းကြစေလိုကြောင်း၊အစိုးရအနေဖြင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုထိရောက်အောင်ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်မွန်းလွဲပိုင်းတွင်ဆောက်လုပ်ရေးရိပ်သာ၌ရှမ်းပြည်နယ်မြောက်ပိုင်းလူငယ်ရေးရာကော်မတီဝင်များနှင့်တွေ့ဆုံရာလူငယ်များကမဟာဗျူဟာစီမံချက်ပါပညာရေး၊မူးယစ်ဆေးဝါး၊ကျန်းမာရေး၊အလုပ်အကိုင်အခွင့်အလမ်းနှင့်စီးပွားရေးကဏ္ဍများကိုဦးစားပေးအဖြစ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊မြို့နယ်ပေါင်းစုံပါဝင်ပြီးလူငယ်များအတွက်လူငယ်စင်တာလိုအပ်လျက်ရှိကြောင်း၊ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက်ရန်ပုံငွေခွဲဝေချထားပေးရာတွင်ရှမ်းပြည်နယ်အနေဖြင့်အရှေ့ပိုင်း၊တောင်ပိုင်း၊မြောက်ပိုင်းတို့အတွက်သီးခြားစီရရှိနိုင်ရန်လိုအပ်ကြောင်း၊ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့်ရုံးလုပ်ငန်းလုပ်ဆောင်ရာတွင်အဆင်ပြေမှုရှိရန်တာဝန်ရှိအစိုးရဝန်ကြီးဌာနများကတိုက်တွန်းပေးကြစေလိုကြောင်းဆွေးနွေးတင်ပြကြရာလိုအပ်ချက်များကိုပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ကပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေးခဲ့ကြပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ ရွှေလီခန်းမ၌နောင်ချို၊ ဂုတ်တွင်းဖြစ်စဉ်အတွင်း ကျဆုံးသွားသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်ပြည်သူများစုစုပေါင်း (၁၄) ဦးအတွက် တစ်ဦးလျှင် (၅) သိန်းနှုန်းဖြင့် ထောက်ပံ့ငွေကျပ် သိန်း (၇၀) ကို သက်ဆိုင်ရာတာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#hl1
#shn_aug2019

Source: MOSWRR

Sign Up

Upcoming Events