လူမူဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Saurabh Kumarနှင့် အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေးဗဟိုဌာန(ASMAC Asean Regional Mine Action Center)က ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး၏ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့် တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်ရှိ လတ်တလောပဋိပက္ခများ ကြောင့် တိုက်ပွဲရှောင်ပြည်သူများအတွက်ကူညီပံ့ပိုးနိုင်ရန် အိန္ဒိယနှင့်မြန်မာ ညှိနှိုင်းဆောင်ရွက်နိုင်ရေး၊ ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များတွင် အာဆီယံနိုင်ငံများက ပူးပေါင်းဆောင်ရွက်လျက် ရှိရာ လိုအပ်သောနေရာများတွင် အိန္ဒိယနိုင်ငံက ပါဝင်ကူညီဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ဒေသခံ ပြည်သူများ၊ လူငယ်များအလုပ်အကိုင် ရရှိရေးအတွက် စက်မှု၊ လက်မှုသင်တန်းများအား ပခုက္ကူနှင့် မြင်းခြံမြို့များတွင် အိန္ဒိယနိုင်ငံအစိုးရက စက်မှုဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ် တွင်လည်း အလားတူ ကာလတို၊ ကာလရှည် သင်တန်းများဖွင့်လှစ်မည့်အခြေအနေ၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယနှင့် မြန်မာပူးပေါင်းဆောင်ရွက်မှုအရ ၅ နှစ်တာ ကာလအတွင်း တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၅သန်း၊ စုစုပေါင်း(၂၅)သန်းဖြင့် ပူးတွဲစီမံချက် များ ဆက်လက်အကောင်အထည် ဖော်နိုင်ရေး စသည်တို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။
ထို့နောက် အာဆီယံဒေသတွင်းမိုင်းရှင်းလင်းရေးဗဟိုဌာန(ARMAC)နှင့်တွေ့ဆုံရာတွင် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းအစီအစဉ်များတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနက ပူးပေါင်းပါဝင်နိုင်မည့် အခြေအနေများ၊ နေပြည်တော်တွင် (၁၃.၈.၂၀၁၉)ရက်နေ့က ကျင်းပခဲ့သည့် မိုင်းနှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများဆိုင်ရာ Consultative Meeting နှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည့် အကြောင်းအရာများ၊ ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသော မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းများ၊ မိုင်းဒဏ်ခံစားခဲ့ရသူများအား ထောက်ပံ့ကူညီခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ IDP စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ အရ ပြန်လည်နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိုင်းနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် ကိစ္စရပ်များတွင် အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေး ဗဟိုဌာန (ARMAC)နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများနှင့် ပတ်သက်သည့် ကိစ္စရပ် များကိုဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1
#npw_aug2019
နေပြည်တော်၊ သြဂုတ် ၁၅