လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် စခန်းအခြေပြုမူးယစ်ဆေး ဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး သင်တန်း ( ၂ / ၂၀၁၉ ) သင်တန်းဆင်းပွဲအခမ်း အနားကို ( ၁၅-၈-၂၀၁၉ ) ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးပြန်လည်ထူထောင်ရေးစခန်း၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် မူးယစ်ဆေးဝါးအန္တရာယ်ကို အမျိုး သားရေးတာဝန် တစ်ရပ်အနေဖြင့် တိုက်ဖျက်ရမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအောက်က အဖွဲ့များအနက်မိမိတို့ ပြန်လည်ထူထောင်ရေးအဖွဲ့သည် မူးယစ်ဆေးဖြတ်ပြီးသူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်စပ်ဝန်ကြီးဌာနများနှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပီပြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လက်အောက်တွင် ပြန်လည်ထူထောင်ရေးစခန်း(၁၁)ခု ဖွင့်လှစ်ထားရှိပြီး စခန်းအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်းများနှင့် စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ် ရေးမှူးသင်တန်း များကိုလည်း ဖွင့်လှစ်ဆောင်ရွက်နေကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မူးယစ်ဆေးဝါး သုံးစွဲသူများကို ဆေးကုသပေးခြင်း၊ ပြန်လည်ထူထောင်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်း သင်တန်းများသင်ကြားပေးခြင်း၊ လူ့အဖွဲ့အစည်း အတွင်းပြန်လည်ပေါင်းစည်းနိုင်ရန် ပရဟိတအဖွဲ့အစည်းများ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများနှင့် ပြည်သူများ ပူးပေါင်း ဆောင်ရွက်ခြင်းတို့ကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်ပံ့ပိုးမှုဖြင့် ယခု(၃)လကြာ စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့်ဌာန၊ အဖွဲ့အစည်း များအားကျေးဇူးတင်ရှိပါကြောင်း၊ ယခုစခန်း အခြေပြုပြန်လည်ထူထောင်ရေးသင်တန်းမှ သင်တန်းဆင်းသ င်တန်းသားများအား မူးယစ်သံသရာထဲသို့ ပြန်လည်မရောက်ရှိစေရန်အတွက် စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ် ရေးမှူးများမှလည်း နောက်ဆက်တွဲစောင့်ရှောက်ရေးလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက် သွားရန် အကြံပြုမှာကြားလိုပါကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း ယခုသင်တန်း က လေ့ကျင့်ထူထောင်ပေးလိုက်သည့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုတွေကို ဆက်လက်ထိန်းသိမ်းပြီး မူးယစ်သံသရာထဲသို့ ပြန်လည်မရောက်ရှိစေရန် ကြိုးစားသွား ကြစေလိုကြောင်း၊ မိဘဆွေမျိုးပတ်ဝန်းကျင် အသိုင်းအဝိုင်းကလည်း နားလည်လက်ခံ ပေးကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဝန်ကြီးဦးမျိုးသစ်က သင်တန်းဆင်းအမှာစကားပြောကြား၍ တာဝန်ရှိ သူများကသင်တန်းဆင်းလက်မှတ် များပေးအပ်ခြင်း၊ ပူးပေါင်းဆောင်ရွက်သူ စေတနာရှင် အဖွဲ့အစည်းများကို ဂုဏ်ပြုမှတ်လွှာများပေးအပ်ခဲ့ခြင်းနှင့် သင်တန်းသားမိဘတစ်ဦးနှင့် သင်တန်းသားတစ်ဦးတို့က ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ယနေ့ သင်တန်းဆင်းပွဲသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဉက္ကဌ ဦးအောင်ကျော်ဦး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးအသင်း(ဗဟို)အဖွဲ့နှင့် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသင်း၊ အလှူရှင်များ၊ သင်တန်းသားများနှင့်၎င်းတို့၏မိဘများတက် ရောက်ခဲ့ကြောင်း သိရှိရပါသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မန္တလေးမြို့ နားမကြားသော ကလေးများကျောင်း၌ လူမှုဝန်ထမ်း ဦးစီးဌာနနှင့် မြန်မာနိုင်ငံအထူးပညာရေးအသင်းတို့ ပူးပေါင်းဖွင့်လှစ်သော ဉာဏ်ရည်မသန်စွမ်း ကလေးများအား ပြုစုပျိုးထောင်ပေးကြမည့် ဆရာ/ဆရာမများ အတွက် အခြေခံဆရာဖြစ်သင်တန်း Pre- Level (1) အခမ်းအနားတွင် တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက မိမိတို့နိုင်ငံတွင်မသန်စွမ်း အမျိုးအစား (၄)မျိုး ဖြစ်သည့် အမြင်အာရုံချို့တဲ့သူ၊ အကြားအာရုံချို့တဲ့သူ၊ ကိုယ်အင်္ဂါချို့တဲ့သူနှင့် ဉာဏ်ရည်မသန်စွမ်းသူများဟု သတ်မှတ် ထားပါကြောင်း၊ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်း အရာသန်းခေါင်စာရင်းစစ်တမ်း ကောက်ယူချက်အရ မသန်စွမ်းကလေးများသည် နိုင်ငံတော်လူဦးရေ၏ (၇%)ရှိပြီး အဆိုပါကလေးများအတွက် ပြုစုစောင့်ရှောက်မှု ကဏ္ဍကို မေ့လျော့ထား၍မရပါကြောင်း၊ ဉာဏ်ရည်မသန်စွမ်းကလေးများအတွက် မိမိတို့ဝန်ကြီး ဌာနအနေဖြင့် ရန်ကုန်၊ မန္တလေးမြို့တို့တွင် မသန်စွမ်းသက်ငယ်သင်တန်းကျောင်း (၂)ကျောင်းဖွင့်လှစ်ထားရှိပြီး လေ့ကျင့်ပြုစုပျိုးထောင်ပေးလျက်ရှိပါကြောင်း၊ အဆောက်အဦ၊ ဝန်ထမ်းအင်အားနှင့် ကလေးအင်အား အချိုးမမျှတမှုကြောင့် ပိုမိုလက်ခံနိုင်စွမ်း မရှိသေးပါကြောင်း၊ ယင်းအခက်အခဲများကို ကျော်လွှားနိုင်ရန် ပုဂ္ဂလိကကိုယ်ပိုင် မသန်စွမ်းသင်တန်းကျောင်းများကို မသန်စွမ်းအခွင့် အရေးများဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ နှင့်အညီ တည်ထောင်ခွင့်ပြုမိန့်ထုတ်ပေးလျက်ရှိပါကြောင်း၊ ယခင်က ဉာဏ်ရည်မသန်စွမ်း ကလေးများ ပြုစုပျိုးထောင်ရန်အတွက် နည်းပညာများကို အနောက်ဂျာမနီနှင့် နိုင်ငံရပ်ခြားသို့ သွားရောက်ဆည်းပူး လေ့လာခဲ့ရပါကြောင်း၊ ယခုအခါတွင် University of Wolverhanpton (UK)၊ မြန်မာနိုင်ငံအထူး ပညာရေးအသင်းနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်နယ်/ တိုင်းဒေသကြီးများအရောက် နည်းပညာ များပံ့ပိုးခြင်း၊ သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိပါ ကြောင်း၊ မသန်စွမ်းဖြစ်ပွားမှုကြိုတင်ကာကွယ်နိုင် ရန်အတွက်(Early Childhood Intervention-ECI)လုပ်ငန်းများကိုလည်း ရှေ့ပြေးစီမံချက်အဖြစ် ကရင် ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဆောင်ရွက်လျက်ရှိနေ ပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်း များဖြစ်သည့် မူလတန်းကြိုကျောင်းများ၊ မိခင်ဝိုင်းများကို လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပြီး ဥပဒေအရလည်း ပုဂ္ဂလိကနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများကို တည်ထောင်ခွင့်ပြုမိန့်ကို ထုတ်ပေး လျက်ရှိနေပါကြောင်း၊ ယခုသင်တန်းကို တက်ရောက်ကြမည့် ဆရာ/ဆရာမများသည် လူမှု ဝန်ထမ်းလုပ်ငန်းနှင့် ဉာဏ်ရည်မသန်စွမ်းကလေးများအား ပြုစုပျိုးထောင်ရေးလုပ်ငန်း ဆောင်ရွက်ကြရာတွင် စေတနာ၊ ဝါသနာ၊အနစ်နာ၊ အကြင်နာ၊ ဂရုဏာ၊ မေတ္တာများနှင့် ပေါင်းစပ်လုပ်ကိုင်ကြရန် တိုက်တွန်းလိုပါကြောင်း၊ ပတ်ဝန်းကျင်အထောက်အကူပြုသည့် လူမှုအကျိုးပြုလုပ်ငန်းဟု မှတ်ယူ၍ လုပ်ကိုင်ကြစေလိုပါကြောင်း၊ သင်တန်းကိုလည်း မပျက်မကွက်တက်ရောက်ပေးစေလိုပါကြောင်းနှင့် သင်ကြား ပို့ချပေးသော နည်းပြများ၏ နည်းစနစ်များကိုလည်း သေချာလေ့လာ သင်ယူကြရန်တိုက်တွန်းမှာကြား ခဲ့ပါသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဝန်ကြီးဦးမျိုးသစ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြန်မာနိုင်ငံ အထူးပညာရေးအသင်း ဒုတိယဥက္ကဌ ဦးတင့်လွင်ဦးမှ အသင်း၏သမိုင်းကြောင်းနှင့် သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများနှင့် သင်တန်းသူ/ သင်တန်းသားများ စုပေါင်းမှတ်တမ်းတင် ရိုက်ကူးခဲ့ပြီး နားမကြားသော ကလေးများကျောင်းတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအား လှည့်လည်ကြည့်ရှု၍ အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။