(က) အားကောင်းသော မုန်တိုင်းငယ်အခြေအနေ
++++++++++++++++++++++++++
(၁) ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression)သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ အားကောင်းသောမုန်တိုင်းငယ် (Deep Depression) အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ အားကောင်းသော မုန်တိုင်းငယ် (Deep Depression)သည် အိန္ဒိယနိုင်ငံ၊ ဒီဂါမြို့ (Digha) ၏ တောင်-အနောက် တောင်ဘက် မိုင်(၄၀)ခန့်နှင့် ဘလာဆောမြို့ (Blasore)၏ အရှေ့တောင် ဘက် မိုင်(၄၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး အနောက်-အနောက် မြောက်ဘက်သို့ ဆက်လက်ရွေ့ လျားမည်ဟု ခန့်မှန်းရပါသည်။
(၂) အားကောင်းသော မုန်တိုင်းငယ် (Deep Depression)၏ လက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေအနေ မရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။
(ခ) အားကောင်းသော မုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
+++++++++++++++++++++++++++++++++++++++++
(၁) အဆိုပါ အားကောင်းသော မုန်တိုင်းငယ် (Deep Depression) သည် မြန်မာစံတော်ချိန် (၀၉:၃၀)နာရီ အချိန်တွင် မြောက်လတ္တီကျု (၂၁.ဝ)ဒီဂရီနှင့် အရှေ့ လောင်ဂျီကျု (၈၇.၄)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၄)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅) မိုင်နှုန်းဖြစ်ပါသည်။
(ဂ) နောက်(၁၂)နာရီအတွင်းခန့်မှန်းချက်
++++++++++++++++++++++
(၁) အဆိုပါ အားကောင်းသော မုန်တိုင်းငယ်(Deep Depression) သည် နောက် (၁၂)နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းခြေမြောက်ပိုင်းကို ဘလာဆောမြို့ (Blasore)အနီးမှ ဖြတ်ကျော် ဝင်ရောက်မည်ဟု ခန့်မှန်းရပါသည်။
(ဃ) သတိပေးနှိုးဆော်ချက်
+++++++++++++++
(၁) အားကောင်းသောမုန်တိုင်းငယ် (Deep Depression)၏ အရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းတွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီးတွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခြင်းများနှင့် အတူလေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
(၂) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် (၄၀)မှ (၄၅) မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၀)ပေမှ (၁၅)ပေခန့် ရှိနိုင်ပါသည်။
အကြံပြုချက်
+++++++
၂။ အဆိုပါ အားကောင်းသော မုန်တိုင်းငယ် (Deep Depression)၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း နှင့်အတူ မိုးသည်းထန်စွာရွာသွန်းခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။