မြန်မာနိုင်ငံနှင့်စပ်လျဉ်းသည့် လူ့အခွင့်အရေးဆိုင်ရာအစီရင်ခံစာ UPR အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်ရှိ Park Royal Hotel တွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက မိမိတို့အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝတိုးတက်ရေး ကို ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးများနှင့်ပတ်သက်၍ ဆောင်ရွက်လျက် ရှိရာ ပြည်သူပြည်သားများလွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ တရားဥပဒေ စိုးမိုးမှုရရှိရန် လူတစ်ဦးချင်းစီ၏ အခြေခံအခွင့်အရေးများကို ဖေါ်ဆောင်နိုင်မည့်ဥပဒေများ ရှိရန်လိုအပ် ကြောင်း၊ ထိုဥပဒေများကို အကောင်အထည်ဖေါ်နိုင်ခြင်းသည် တရားဥပဒေစိုးမိုးခြင်းဖြစ်ကြောင်း၊ လူတစ်ဦးချင်းစီ၏ အခွင့်အရေးများလည်း ရရှိလာမည်ဖြစ်ကြောင်း၊ အစိုးရဝန်ကြီးဌာနအသီးသီးသည် မိမိတို့ ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ရသည့် လုပ်ငန်းအလိုက် ဥပဒေများဖေါ်ဆောင်ခြင်းဖြင့် ပြည်သူများ အခြေခံလူ့အခွင့်အရေးများ ခံစားရရှိအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏လူ့အခွင့်အရေး ဖေါ်ဆောင်မှုများကို UPR လုပ်ငန်းစဉ်ဖြင့် ကမ္ဘာကသိအောင် ဆောင်ရွက်ပေးနိုင်ရန် ပူးပေါင်းဆွေးနွေးကြမည်ဖြစ်ကြောင်း၊ UPR ဟုခေါ်သည့် Universal Periodic Review လုပ်ငန်းစဉ်ကို ၂၀၀၆ ခုနှစ်တွင် အစပြုခဲ့ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက နိုင်ငံအလိုက် ဆောင်ရွက်လျက် ရှိသော လူ့အခွင့်အရေးဆိုင်ရာများကို အစီရင်ခံစာ တင်သွင်းခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပထမအကြိမ်အစီရင်ခံစာအား ၂၀၁၁ ခုနှစ်တွင်လည်းကောင်း၊ ဒုတိယအကြိမ်ကို ၂၀၁၅ ခုနှစ်တွင် လည်းကောင်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးသို့တင်သွင်းခဲ့ကြောင်း၊ တတိယအကြိမ်အစီရင်ခံစာကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် တင်သွင်းရမည်ဖြစ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံပေါင်း (၉၃) နိုင်ငံမှ အကြံပြုတိုက် တွန်းချက် (၂၈၁) ချက်အနက် (၁၆၆) ချက်ကို မြန်မာနိုင်ငံကလက်ခံခဲ့ပြီး ကဏ္ဍ (၁၂) ရပ် ခွဲကာ လုပ်ငန်းကော်မတီ (၁၂) ရပ်ဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကျား/မ တန်းတူညီတူရှိမှု မြှင့်တင်ရေးနှင့်ထိခိုက်ခံစားလွယ်သော အုပ်စုများ ကာကွယ်ရေးဆိုင်ရာလုပ်ငန်းကော်မတီနှင့် ခွဲခြားမှုမပြုရေးဆိုင်ရာလုပ်ငန်းကော်မတီ (၂) ရပ်တို့တွင် အကြံပြုချက် ပေါင်း (၃၀)ကို အကောင်အထည်ဖေါ် ဆောင်ရွက်မှုများနှင့် ပတ်သက်၍ အစီရင်ခံစာ တင်သွင်းမည်ဖြစ်ကြောင်း၊ ကလေးသူငယ်အခွင့်အရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအနေဖြင့် အစီရင်ခံစာ (၃) ကြိမ်တင်သွင်းထားခဲ့ပြီး ပဉ္စမနှင့် ဆဌမအကြိမ်နိုင်ငံအဆင့် ပူးတွဲအစီရင်ခံစာ တင်ပြနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ ကိုလည်း ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်၂၂/၂၀၁၉ ဖြင့်ပြဌာန်းနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ အမျိုးသမီးများ အကြမ်းဖက်မှုအပေါ် တားဆီးကာကွယ်ရေး ဥပဒေကိုလည်း အကောင်အထည်ဖေါ်လျက်ရှိပြီး ပြည့်တန်ဆာဆိုင်ရာဥပဒေ(မူကြမ်း)ကိုလည်း ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အကြံပြုချက်များနှင့်အညီ ပြင်ဆင်ရေးဆွဲလျက်ရှိပါကြောင်း၊ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲသူ(၁၈၈)ဦးဖြင့် မြို့နယ်များအထိ ဖြေရှင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ကလေးသူငယ်နှင့်အမျိုးသမီးကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ သာမက သက်ကြီးရွယ်အို၊ မသန်စွမ်း အစရှိသော ကာကွယ်စောင့်ရှောက် ရန်လိုအပ်သည့်အုပ်စုများအတွက် တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ One Stop Women Support Center (OSWSC) ကို ရန်ကုန်မြို့၊ မန္တလေးမြို့၊ လားရှိုးမြို့နှင့် မော်လမြိုင်မြို့များတွင် ဖွင့်လှစ်ထားပြီး အကြမ်းဖက်ခံရသူ အမျိုးသမီးများအတွက် ကျန်းမာရေး၊ တရားရင်ဆိုင်နိုင်ရေး၊ စိတ်လူမှုရေးပိုင်းဆိုင်ရာပံ့ပိုးမှုရရှိရေးနှင့် နောက်ဆက်တွဲ ငွေကြေးထောက်ပံ့မှုများဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသား အဆင့်မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂)ကို အကောင်အထည်ဖေါ် ဆောင်ရွက်ရန် နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ခွဲ(၄)ရပ်ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများ၏ လိုအပ်ချက်များကို လူမှုဝန်ထမ်းနည်းဖြင့် ဖြေရှင်းပေးရန် တိုက်ရိုက်ဆက်သွယ် စုံစမ်းမေးမြန်းခြင်း၊ သတင်းပို့အကူအညီ တောင်းခံ ခြင်းတို့အတွက် Help Line ဝန်ဆောင်မှုအား (၃၀-၁၁-၂၀၁၆) ရက်နေ့မှစ၍ ၂၄ နာရီဖွင့်လှစ်ထားရှိပြီး ၂၀၁၉ခုနှစ်၊ ဇူလိုင်လကုန်အထိ တိုင်ကြားသူပေါင်း (၁,၀၂၇)ဦး ရှိရာ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဆက်စပ်အဖွဲ့အစည်းများဖြင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ UPR ဆိုင်ရာအကြံပြုချက်များ အပေါ် မိမိတို့လုပ်ငန်းကော်မတီ(၂)ရပ်၏ သက်ဆိုင်ရာဌာန အလိုက်လုပ်ငန်းဆောင်ရွက်ချက်များအား အကြံပြုချက်များအလိုက် အကျဉ်းချုပ်အဖြစ် အမျိုးသားအဆင့်ကော်မတီသို့ တင်ပြထားပြီးဖြစ်ပါကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲတွင် အိမ်နီးချင်းနိုင်ငံများဖြစ်ကြသော မလေးရှားနှင့် သီရိလင်္ကာ နိုင်ငံကိုယ်စားလှယ် များက ၎င်းတို့၏နိုင်ငံအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မှု ဆိုင်ရာအတွေ့အကြုံများအား ရှင်းလင်းမျှဝေမည်ဖြစ်သည့်အတွက်များစွာ အထောက်အကူ ပြုမည်ဖြစ်ပါကြောင်း၊ ယနေ့ဆွေးနွေးပွဲမှ ရရှိလာသော အတွေ့အကြုံများအပေါ်အခြေခံ၍ မိမိနိုင်ငံ၏ တင်သွင်းမည့်အစီရင်ခံစာအတွက်များစွာ အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ ဤအလုပ်ရုံဆွေးနွေးပွဲဖြစ်မြောက်အောင် ပူးပေါင်းဆောင်ရွက်ပေးသော မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်တို့ကို ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ဦးဝင်းမြ၊ ကုလသမဂ္ဂလူ့အခွင့် အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)၏ အရှေ့တောင်အာရှ ဒေသဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms.Cynthia Veliko နှင့် UNDP-Governance and Sustainable Peace မှ အဖွဲ့ခေါင်းဆောင် Mr.Joerg Stahlhult တို့က အသီးသီး အမှာစကားပြောကြားကြပြီး ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများက UPR အကြံပြု တိုက်တွန်းချက်များ အကောင်အထည်ဖော်မှုကို သုံးသပ်ဆွေးနွေးခြင်းနှင့် အကြံပြုတိုက်တွန်းချက်များ နှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1
#npw_aug2019
သြဂုတ်၊ ၅၊ နေပြည်တော်