ဇူလိုင်၃၀၊နေပြည်တော်
မသန်စွမ်းသူများအတွက် တရားမျှတမှုရရှိပိုင်ခွင့်အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်း (၀၉း၀၀) နာရီတွင် Royal President Hotel ၌ကျင်းပပြုလုပ်ရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ (၁)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက နိုင်ငံတော်အနေဖြင့်မသန်စွမ်းသူများနှင့်ပတ်သက်၍ အစိုးရ၊ ပြည်သူ၊ မသန်စွမ်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ချက်များသည် တိုးတက်ပြောင်းလဲမှုများရှိပါကြောင်း၊ မသန်စွမ်းသူများနှင့်ပတ်သက်၍ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေနှင့် နည်းဥပဒေကိုပြဋ္ဌာန်းခဲ့ပြီး အမျိုးသား ကော်မတီ၊လုပ်ငန်းကော်မတီနှင့်မသန်စွမ်းများအတွက်ကဏ္ဍအသီးသီးတွင်ဆောင်ရွက်မည့်ဆပ်ကော်မတီ(၈)ခုကိုဖွဲ့စည်းခဲ့ပါကြောင်း၊မသန်စွမ်းသူများအတွက်အခွင့်အရေးဖော်ဆောင်ရာတွင်မသန်စွမ်းတစ်ဦးချင်းစီ၏လိုအပ်ချက်များကိုဖြည့်ဆည်းနိုင်ရန်မသန်စွမ်းမှုအမျိုးအစားအလိုက်စေတနာထားဆောင်ရွက်ရန်အလွန်အရေးကြီးပါကြောင်း၊ မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းနှင့်မသန်စွမ်းမှုအဆင့်ခွဲခြားခြင်းသည်မသန်စွမ်းတစ်ဦးချင်းစီ၏မသန်စွမ်းမှုအလိုက်ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်ဖြစ်ပါကြောင်း၊ ဇွန်လ (၆)ရက်နေ့မှ (၈)ရက်နေ့အထိအာဂျင်တီးနားနိုင်ငံတွင် ကျင်းပသော မသန်စွမ်းမှု ဆိုင်ရာကမ္ဘာ့ထိပ်သီးဆွေးနွေးပွဲသည်ကမ္ဘာ့နိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်ရမည့်နည်းလမ်းများ၊အသိအမြင်များဖြင့်မသန်စွမ်းသူများအတွက်တရားမျှတမှုရရှိပိုင်ခွင့်များဖော်ဆောင်ရန်ဖြစ်ပါကြောင်း၊ကုလသမဂ္ဂကွန်ဗင်းရှင်း UNCRPD ဖော်ပြထားသည့်တရားမျှတမှုရရှိပိုင်ခွင့်ကိုအသေအချာအကောင်အထည်ဖော်ဆောင်ရွက်ပေးရန်အစိုးရအနေဖြင့်မသန်စွမ်းသူများအတွက်ခိုင်မာသည့်ရပ်တည်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုအတွက်ကုလသမဂ္ဂမိတ်ဖက်အဖွဲ့အစည်းများ၊ဌာနဆိုင်ရာများ၊လွှတ်တော်ကိုယ်စားလှယ်များ၊ပြည်သူလူထု၊မသန်စွမ်းသူများအရေးကိုတက်ကြွစွာဆောင်ရွက်နေသောမသန်စွမ်းအဖွဲ့အစည်းများ၊နိုင်ငံတကာအဖွဲ့အစည်းများနှင့်အရပ်ဖက်လူမှုအဖွဲ့အစည်းများပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါကြောင်း၊တရားမျှတမှုရရှိပိုင်ခွင့်ဆိုသည်မှာဥပဒေနှင့်ပတ်သက်သည့်ကိစ္စရပ်များပါရှိသည့်အတွက်ခက်ခဲနက်နဲပါကြောင်း၊ UNCRPD တွင်လူပုဂ္ဂိုလ်လွတ်လပ်မှုနှင့်လုံခြုံမှု၊မသန်စွမ်းသူများ၏ တရားမျှတမှုရရှိပိုင်ခွင့်ကို တရားခွင်တွင် တရားလို၊ တရားခံ၊သက်သေအဖြစ်ရင်ဆိုင်ဆောင်ရွက်နိုင်ရန်အထောက်အပံ့အကူအညီများ၊စာနာမှုများ၊ဖြည့်ဆည်းပေးနိုင်ရန်ကဏ္ဍအသီးသီးတွင်လိုအပ်ပါကြောင်း၊တရားဥပဒေစိုးမိုးရေးနှင့်တရားမျှတမှုရပိုင်ခွင့်ကိုမြှင့်တင်ရန်မသန်စွမ်းများနှင့်လူသားအားလုံးပါဝင်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မသန်စွမ်းကလေးသူငယ်များနှင့် ပတ်သက်၍စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများရှိသည့်အတွက်ခေါင်းပုံဖြတ်ခြင်း၊အကြမ်းဖက်ခြင်း၊အလွဲသုံးခြင်းများမှအကာအကွယ်ပေးသည့်အချက်ကိုဥပဒေတွင်ကဏ္ဍတစ်ခုအနေဖြင့်ထည့်သွင်းထားပါကြောင်း၊မသန်စွမ်းများအတွက် အတားအဆီးကင်းသည့်လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်ပေါ်ရေးဆောင်ရွက်ရာတွင်တက်ရောက်လာကြသူများအားလုံးကတရားမျှတမှုရရှိပိုင်ခွင့်နှင့်ပတ်သက်၍ဝိုင်းဝန်းဆွေးနွေးအကြံပေးခြင်း၊ ရှေ့လုပ်ငန်းစဉ်များချမှတ်ဆောင်ရွက် ရာတွင် ပါဝင်အကောင်အထည်ဖော် ဆောင်ရွက်ပေးကြပါရန်တိုက်တွန်းပြောကြားပါသည်။
အစည်းအဝေးသို့မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီဝင်များ၊ဒုတိယဝန်ကြီးများ၊လွှတ်တော်ကိုယ်စားလှယ်များ၊မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်နှင့်မသန်စွမ်းအဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊အခြားဖိတ်ကြားထားသောဧည့်သည်တော်များ၊ Department of International Development နှင့် Voluntary Services Overseas တို့မှတာဝန်ရှိသူများ၊ဖွံ့ဖြိုးတိုးတက်မှုမိတ်ဖက်အဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊တိုင်းဒေသကြီး၊ပြည်နယ်အစိုးရနှင့်ကိုယ်စားလှယ်များ၊မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီမှကိုယ်စားလှယ်များနှင့် အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
ဆက်လက်ပြီး Voluntary Services Overseas မှတာဝန်ရှိသူတစ်ဦးက နှုတ်ခွန်းဆက်စကား ပြောကြား ပါသည်။ ထို့နောက်ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် Voluntary Services Overseas တို့မှတာဝန်ရှိသူများက အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်းနှင့်မသန်စွမ်းသူများအတွက် တရားမျှတမှု ရရှိပိုင်ခွင့်ဆိုင်ရာသဘောတရားတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲအား (၂) ရက်တာကျင်းပခြင်းဖြစ်ပြီးတရားမျှတမှုဆိုင်ရာ သဘောတရား၊ အရေးကြီးပုံနှင့် ဥပဒေရေးရာမူဘောင်၊ မသန်စွမ်းသူများတရားမျှတမှုရရှိပိုင်ခွင့် အတွက်ကြုံတွေ့နေရသော အတားအဆီးများ၊အခက်အခဲများကိုဖယ်ရှားရန်နည်းလမ်းများ၊အလေ့အကျင့်ကောင်းများ၊အားနည်းချက်၊အားသာချက်တို့ကိုဆွေးနွေးခြင်းအပြင်မသန်စွမ်းအမျိုးသမီးများအတွက်တရားမျှတမှုရရှိပိုင်ခွင့်၊မသန်စွမ်းအမျိုးသမီးများအပေါ်ရုပ်ပိုင်းနှင့်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုမှကာကွယ်စောင့်ရှောက်ရေးဆိုင်ရာနည်းလမ်းများ၊မသန်စွမ်းသူများတရားမျှတမှုရရှိပိုင်ခွင့်အတွက်ရှေ့လုပ်ငန်းစဉ်တို့ကိုဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
#hl1
#npw_jul2019
Source: MSWRR