သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများတွင် နည်းပညာအသုံးပြုမှုဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

ဇူလိုင် ၃၀၊ နေပြည်တော်
သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများတွင် နည်းပညာအသုံးပြုမှုဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ကျင်းပပြုလုပ်ရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဉက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက် အဖွင့်အမှာစကားပြောကြားပါသည်။
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ယနေ့ ရာသီဥတုပြောင်းလဲလာမှုအခြေအနေများနှင့်အတူ သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုပုံစံများ ပြောင်းလဲလာခြင်းကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း အခြားကမ္ဘာ့နိုင်ငံ များနည်းတူ ထိုအခြေအနေများကို ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊ မိမိတို့အနေဖြင့် ပြောင်းလဲဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်များကို ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြင့် ရင်ဆိုင်တုံ့ပြန်နိုင်ရေး စီမံခန့်ခွဲမှုပုံစံများကိုလည်း ပြောင်းလဲ ဆောင်ရွက်လာရကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လူ့အသက်ဆုံးရှုံးမှုများ၊ ထိခိုက် ဒဏ်ရာရရှိမှုများ နည်းပါးစေရေး၊ ပစ္စည်းဥစ္စာဆုံးရှုံးမှုများလျော့နည်းစေရေးတို့ကို အဓိကဦးတည်ဆောင်ရွက်နေပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းများကို ပိုမိုထိရောက်သော နည်းလမ်းများဖြင့်ဆောင်ရွက်လျက်ရှိရာတွင် ပုံမှန်လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်သကဲ့သို့ နည်းပညာအသုံးပြု ဆောင်ရွက်ခြင်းသည်လည်း အရေးကြီးသည့် ကဏ္ဍတစ်ရပ်ဖြစ်ကြောင်း၊ ထိုကဲ့သို့ နည်းပညာအသုံးပြုကာ ပိုမိုတိကျသည့် အချက်အလက်များရရှိပြီး ဆောင်ရွက် နိုင်ခြင်းဖြင့် သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရေးတွင် များစွာအကျိုးရှိပါကြောင်း၊ နည်းပညာအသုံး ပြုနိုင်မှုအခြေအနေကိုကြည့်ပါကလည်း နည်းပညာဆိုင်ရာ ပစ္စည်းကိရိယာများအသုံးပြုနိုင်မှုနှင့် အဆိုပါပစ္စည်း ကိရိယာများကို ကိုင်တွယ်သုံးစွဲနိုင်သည့် ကျွမ်းကျင်သူလူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်များရှိကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့်လည်း နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူများပေါ်ထွက်လာရေး နည်းပညာဆိုင်ရာအဖွဲ့ အစည်းများနှင့်ပူးပေါင်းကာ သင်တန်းများဖွင့်လှစ်ခြင်း၊ လက်တွေ့လေ့ကျင့်ခြင်းများလည်း ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပိုမိုထိရောက်ကောင်းမွန်သည့် သဘာဝဘေးစီမံခန့်ခွဲမှုများဖြစ်စေရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာတွင် နည်းပညာပိုင်းဆိုင်ရာအဖွဲ့အစည်းများ၊ ကုမ္ပဏီကြီးများနဲ့ ပူးပေါင်းဆောင်ရွက်သွားရန် လည်း အမြဲတမ်း အဆင့်သင့်ရှိနေပါကြောင်းပြောကြားပါသည်။
ဆက်လက်၍ တောင်နဝင်း(ပင်မ)တမံ မျက်နှာပြင်ကျိုးပေါက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်(မိတ္ထီလာ)၊ ASIA AIR SURVEY MYANMAR Co. Ltd. တို့နှင့်ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ကြောင်း၊ “ထိရောက်သော ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်း အစီအစဉ်များချမှတ်ဆောင်ရွက်ခြင်းဖြင့် ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံ ရင်ဆိုင်တုံ့ပြန်နိုင် စွမ်းရှိသော လူ့အသိုက်အဝန်းဖြစ်ပေါ်စေရေးနှင့် ဘေးဒဏ်ခံစားရသောပြည်သူများအတွက် ပိုမိုကောင်းမွန်သည့် လူနေမှုဘဝရရှိစေရေး”ဆိုသည့် မူဝါဒနဲ့အညီ ပြည်သူများအပါအဝင် အားလုံးနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခု ဂျပန်နိုင်ငံ၏ သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများတွင် နည်းပညာ အသုံးပြုမှုအခြေအနေများကို လာရောက်မျှဝေခြင်းအားဖြင့်လည်း မြန်မာနိုင်ငံ၏ သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများအတွက် များစွာအကျိုးရှိ ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် Asia Air Survey Co.,Ltd မှ Managing Director, Mr.MAYA Manabu က ဘေးအန္တရာယ် ဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုများအားရှင်းလင်းဆွေးနွေးတင်ပြခဲ့ပါသည်။
ဆက်လက်ပြီးသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများတွင် နည်းပညာ အသုံးပြုမှုဆိုင်ရာ ဆွေးနွေး ပွဲတွင် မြန်မာနိုင်ငံ၌ သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ ဖွဲ့စည်းဆောင်ရွက်မှုများ၊ သဘာဝဘေးလျော့ပါးရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန(EOC)၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ဂျပန်နိုင်ငံ၌ မြေပြိုမှုများ၊ ငလျင်ဘေးအန္တရာယ်များနှင့်အခြား သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုများတွင် နည်းပညာ အသုံးပြု ဆောင်ရွက်မှုအခြေအနေများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများတွင် မောင်းသူမဲ့လေယာဉ်များ ပေါင်းစပ်ထည့်သွင်းအသုံးချနိုင်မှုနှင့်စပ်လျဉ်း၍ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ နည်းပညာဆိုင်ရာပညာရှင်များ၊ ပြည်တွင်း/ပြည်ပအရပ်ဖက်လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများကမျှဝေဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl1
#npw_jul2019

Source: MSWRR

Sign Up

Upcoming Events