ကလေးသူငယ်အခွင့်အရေး (၄) ရပ်အား ပြည့်မီစွာအကောင်အထည်ဖော်နိုင်ရေးအတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးကျင်းပ

ဇူလိုင်၂၉၊နေပြည်တော်
ကလေးသူငယ်အခွင့်အရေး(၄)ရပ်အား ပြည့်မီစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကလေး သူငယ်အခွင့် အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး (၂/၂၀၁၉)ကို ယနေ့နံနက် ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ အဆိုပါကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားပါသည်။
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက အမှာစကားပြောကြားရာတွင် ကလေးသူငယ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံသည် (၁၉၉၁)ခုနှစ်မှစတင်၍ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင်အညီကလေးသူငယ်အခွင့်အရေးဥပဒေကိုရေးဆွဲပြဌာန်းခဲ့ပါကြောင်း၊ပြီးခဲ့သည့်အစိုးရသက်တမ်းအတွင်း ကစတင်ပြီးကလေးသူငယ်အခွင့်အရေးဥပဒေအသစ်ကို စတင်ပြန်လည်ရေးဆွဲခဲ့ကြောင်း၊ ၂၀၁၉ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပါကြောင်း၊ ဥပဒေအသစ်တွင်ကော်မတီအနေဖြင့် စေတနာ့ဝန်ထမ်း ပုဂ္ဂိုလ်ကဖြစ်စေ၊ လူမှုရေးအဖွဲ့အစည်းကဖြစ်စေ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းကဖြစ်စေ တည်ထောင်ထားသော ပရဟိတဂေဟာများ၊ယာယီစောင့်ရှောက်ရေးဂေဟာများကိုစံသတ်မှတ်ချက်များနှင့်အညီဖြစ်လာရန်ကြီးကြပ်ရမည့်တာဝန်များပါရှိကြောင်း၊
ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဖော်ဆောင်ရာတွင်ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းရပ်များသာမကကလေးသူငယ်အနေဖြင့်အကာအကွယ်များစောင့်ရှောက်မှုများရရှိရန်လိုအပ်ပါကြောင်း၊ကလေးသူငယ်ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများနှင့်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအတွက်ပြည်ထောင်စုနယ်မြေအပါဝင်တိုင်းဒေသကြီး/ပြည်နယ်များအလိုက်ကော်မတီများကိုလုပ်ပိုင်ခွင့်များအားဥပဒေအရအပ်နှင်းထားပါကြောင်း၊ကလေးသူငယ်များအတွက်ထိရောက်သောကာကွယ်စောင့်ရှောက်မှုများဖြစ်စေရေးအတွက်ဥပဒေပြဌာန်းသလို၊နည်းဥပဒေနှင့်လုပ်ထုံးလုပ်နည်းများကိုဝန်ကြီးဌာနအနေဖြင့်ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊
ပြဌာန်းလိုက်သည့်ဥပဒေအသစ်နှင့်ပတ်သက်၍ပြည်သူများအကြားအထင်အမြင်လွဲမှားမှုများ၊စိုးရိမ်ပူပန်မှုများရှိနေသည်ကိုတွေ့ရပါကြောင်း၊အဆိုပါအထင်အမြင်လွဲမှားမှုများသည်ဥပဒေကိုသေသေချာချာလေ့လာပါကရှင်းလင်းသွားမည်ဖြစ်ပါကြောင်း၊ပြည်သူများလေ့လာရန်နေ့စဉ်ထုတ်သတင်းစာများတွင်ဖော်ပြထားပြီးဖြစ်ပါကြောင်း၊ဥပဒေသည်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်းပါကလေးသူငယ်များ၏အကောင်းဆုံးအကျိုးစီးပွားကိုရည်ရွယ်ရေးဆွဲထားခြင်းဖြစ်ပြီးဥပဒေအသစ်ပြဌာန်းမှုနှင့်အညီအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက်ပြင်ဆင်မှုများဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ဥပဒေအသစ်ကိုပြည်သူများသိရှိစေရန်လိုအပ်သောပညာပေးရှင်းလင်းမှုများကိုမိမိဒေသအလိုက်ကော်မတီဝင်များကဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်သွားရန်လိုအပ်ပါကြောင်းနှင့်ကလေးသူငယ်များအနေဖြင့်ဥပဒေပါအခွင့်အရေးနှင့်အတူတာဝန်ရှိမှုများကိုမိဘ၊ဆရာ၊ရပ်ရွာအဖွဲ့အစည်းတွေများကိုအသိပညာပေးမှုများစဉ်ဆက်မပြတ်ဆောင်ရွက်ရန်လိုပါကြောင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ဒုတိယဝန်ကြီးဦးစိုးအောင်ကကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့်ပတ်သက်၍အခန်းအလိုက်ရှင်းလင်းတင်ပြခြင်းနှင့်လူမှုဝန်ထမ်းဦးစီးဌာနညွှန်ကြားရေးမှုးချုပ်ကကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့်အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်လိုအပ်သည့်နယ်ပယ်များနှင့်နည်းဥပဒေကိုလည်းဆက်လက်ရေးဆွဲသွားမည်ဖြစ်ပါကြောင်းတင်ပြခဲ့ပါသည်။
ထို့နောက်အစည်းအဝေးသို့တက်ရောက်လာသည့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီအဖွဲ့ဝင်များ၊တိုင်းဒေသကြီး/ပြည်နယ်များမှလူမှုရေးဝန်ကြီးများနှင့်ကော်မတီအတွင်းရေးမှုးများ၊သက်ဆိုင်ရာဌာနဆိုင်ရာများကအကျဉ်းထောင်အတွင်းရောက်ရှိနေသောကလေးများအခွင့်အရေးသေချာစေရေးကိစ္စရပ်များ၊မြင့်တက်လာသောသက်ငယ်မုဒိန်းမှုဖြစ်ရပ်များနှင့်ပတ်သက်၍အသိပညာပေးမှုများနှင့်ကြိုတင်ကာကွယ်မှုများတိုးချဲ့ဆောင်ရွက်ရေးကိစ္စရပ်များ၊အသစ်ပြင်ဆင်လိုက်သည့်ဥပဒေနှင့်ပတ်သက်၍ပြည်သူသို့အသိပညာပေးရှင်းလင်းရမည့်ကိစ္စရပ်များ၊တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များအဆင့်အထိဥပဒေကိုကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအစီအစဉ်များဆောင်ရွက်သွားရန်ကိစ္စများအပါအဝင်လုပ်ငန်းဆောင်ရွက်ချက်များအားသက်ဆိုင်ရာနယ်ပယ်အလိုက်ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီးပြည်ထောင်စုဝန်ကြီးကနိဂုံးချုပ်အမှာစကားပြောကြား၍အစည်းအဝေးအားရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

#hl1
#npw_jul2019

Sign Up

Upcoming Events