၂၉-၇-၂၀၁၉၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ရှေးဦးအရွယ် ကလေးသူငယ် ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဗဟိုကြီးကြပ်ရေးအဖွဲ့ (၁/၂၀၁၉) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရှေးဦးအရွယ်ကလေးသူငယ်သည် မွေးစမှ အသက် (၈) နှစ် အရွယ် အထိဖြစ်ပြီးအသက် (၈) နှစ်နောက်ပိုင်းတွင် ထိရောက်အောင်မြင်သောသင်ကြားမှု၊ သင်ယူမှုများအတွက် အဆင်သင့်ဖြစ်ရန် နည်းစနစ်မှန်ဖြင့် ပြုစုပျိုးထောင်ထားရမည့် အသက်အရွယ်ကာလဖြစ်ကြောင်း၊ အဆိုပါကာလ သည် ဦးနှောက်ဖွံ့ဖြိုးမှု အားအကောင်းဆုံးအချိန်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးလုပ်ငန်းနှင့်အတူ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ဤအသက်အရွယ် အတွင်း ခံစား ရရှိစေရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း များကို စနစ်တကျဆောင်ရွက်နိုင်ရန်အတွက် မူဝါဒ၊ ဥပဒေနှင့် နည်းဥပဒေများ ပြဌာန်းထားရှိပြီး ဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ်တွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေး ဥပဒေကိုပြဌာန်းခဲ့ပြီး၊ ၂၀၁၅ ခုနှစ်တွင် နည်း ဥပဒေကိုလည်းကောင်း ပြဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊အကောင်အထည်ဖော်ရာတွင်အစိုးရ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ သည် ပုဂ္ဂလိကနှင့် အစိုးရမဟုတ်သော အဖွဲ့များနှင့်လည်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ၂၀၁၈ ဇွန်လ ၆ ရက်နေ့တွင် ပြင်ဆင်သည့်ဥပဒေကို အစိုးရသစ်လက်ထက်တွင် ပြဌာန်းနိုင်ခဲ့ပါကြောင်း၊ ရှေးဦးအရွယ် ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် လုပ်ငန်းအားဖြင့် မိဘများ၏ ပါဝင်ဆောင်ရွက်မှုနှင့် မိသားစု ဝင်များပါသိရှိရန်လိုအပ်ကြောင်း၊ မူကြိုမှာ အစိုးရ၊ ပုဂ္ဂလိက၊ ကိုယ့်အားကိုယ်ကိုးမူကြိုဟူ၍ ၃ မျိုးရှိပါကြောင်း၊ လက်ရှိမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မူကြိုကျောင်းတက်ရောက်ရန် ကျန်နေသော ကလေးငယ်များ အများ အပြားရှိသည့်အတွက် မူကြိုတက်ရောက်နိုင်ရေးကို အားလုံးဝိုင်းဝန်း ဆောင်ရွက်ပေးရန်လိုပါကြောင်း၊ လက်ရှိ နေ့ကလေးထိန်းများ၊ ကိုယ့်အားကိုယ်ကိုး မူလတန်း ကြိုကျောင်းများကို ကြီးကြပ်ရန် ဥပဒေအရ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဗဟိုကြီးကြပ်ရေးအဖွဲ့နှင့် နေပြည်တော် ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ ဝန်ကြီးဌာနက တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် ၂၀၁၆ ခုနှစ်အထိ မူလတန်းကြိုကျောင်း (၉၉)ကျောင်းသာဖွင့်လှစ်ဆောင်ရွက်လျက်ရှိခဲ့ရာမှ လက်ရှိအချိန်တွင် (၁၂၈) ကျောင်းအထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ ကိုယ့်အား ကိုယ်ကိုးမူလတန်းကြိုကျောင်းများ (၁၀၂၅) ကျောင်းရှိ တာဝန်ခံနှင့် စာသင်ဆရာမများကို လစာနှင့် သင်ထောက် ကူပစ္စည်းကြေးများ တစ်စိတ်တစ်ပိုင်း ထောက်ပံ့နိုင်ခဲ့ကြောင်း၊ အစိုးရအနေဖြင့် နေ့ကလေးထိန်း မိခင်ဝိုင်း (၆၄၂) ဝိုင်းကို ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ECCD မူဝါဒကို ဆောင်ရွက်ရာတွင် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအပြင် ဦးနှောက်ဖွံ့ဖြိုးဖို့ရန် အရေးကြီးပါကြောင်း၊ ဦးနှောက်ဖွံ့ဖြိုးမှုကို တိုင်းတာစစ်ဆေးရန်အတွက် ရှေးဦးအရွယ်ကလေး သူငယ်ဖွံ့ဖြိုးမှု အခြေအနေ တိုင်းတာစစ်ဆေးပံ့ပိုးခြင်းဆိုသည့် ဝန်ဆောင်မှုလုပ်ငန်းကို တတ်ကျွမ်း နားလည် သည့် ပညာရှင်များပါဝင်သော ရှေ့ပြေးစီမံချက်အဖွဲ့ဖြင့် မြို့နယ် (၇) မြို့နယ်မှ အသက် (၅) နှစ်အောက် ကလေး ငယ်များနှင့်မိဘများကို အသိပညာပေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း နည်းလမ်းဖြင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မူလတန်းကြိုကျောင်းများဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ စနစ်တကျနည်းစနစ်မှန် ပြုစုစောင့်ရှောက်မှုဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက် ရာတွင် ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းပါ တစ်ပြိုင်တည်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မူကြိုများ၊ နေ့ကလေးထိန်းများ ဖွင့်လှစ်မည့်သူများသည် တည်ထောင်ခွင့်ပြုမိန့်လိုအပ်ပါကြောင်း၊ နေ့ကလေး ထိန်း များ၊ မူလတန်းကြိုကျောင်းများ တိုးချဲ့ဖွင့်လှစ်ရာတွင်အရည်အသွေးပြည့်မှီရန်နှင့် ပြဌာန်းထားသည့် ဥပဒေ၊ နည်းဥပ ဒေများနှင့်အညီလည်း လိုက်နာရန်လိုအပ်ပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်များကို စနစ်တကျပြုစု ပျိုးထောင် ခြင်းလုပ်ငန်းတွင် ကြုံတွေ့ရသည့်အခက်အခဲများအပေါ် ဝိုင်းဝန်းဆွေးနွေး ပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးဦးစိုးအောင်က လက်ရှိဆောင်ရွက်နေသော ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းအကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်၍ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း တိုင်းဒေသကြီး/ ပြည်နယ်ကြီးကြပ်ရေးအဖွဲ့များမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များ အပေါ် တွေ့ကြုံရသည့် အခက်အခဲများ၊ ဖြေရှင်းဆောင်ရွက်မှုအခြေအနေများအား ဆွေးနွေးခဲ့ကြပြီး ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ တင်ပြဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် တွေ့ကြုံရသည့် အခက်အခဲများအပေါ် ဥပဒေ၊နည်းဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
#hl1
#npw_jul2019