ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးချင်းပြည်နယ်၊ပလက်ဝမြို့နယ်အတွင်းရှိတိုက်ပွဲရှောင်ပြည်သူများအတွက်ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးနိုင်ရေးရခိုင်ပြည်နယ်တွင် ညှိနှိုင်းဆွေးနွေး

ဇူလိုင်၂၆၊စစ်တွေ
ချင်းပြည်နယ်၊ပလက်ဝမြို့နယ်အတွင်းရှိတိုက်ပွဲရှောင်ပြည်သူများအတွက်စားနပ်ရိက္ခာများထောက်ပံ့နိုင်ရေးနှင့်လိုအပ်မှုများကိုဖြည်းဆည်းပေးနိုင်ရေးညှိနှိုင်းအစည်းအဝေးကိုယနေ့မွန်းလွဲပိုင်းကစစ်တွေမြို့ရှိပြည်နယ်အစိုးရအဖွဲ့ဧည့်ရိပ်သာအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ချင်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဆလိုင်းလျန်လွယ်၊ဒုတိယဝန်ကြီးဦးစိုးအောင်၊ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်မှပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင်ပြည်ထောင်စုဝန်ကြီးကမိမိတို့ဝန်ကြီးဌာနအနေဖြင့်ချင်းပြည်နယ် အတွင်းရှိဘေးဒုက္ခခံစားနေရသောတိုက်ပွဲရှောင်ပြည်သူများအတွက်လိုအပ်မှုများကိုကူညီဆောင်ရွက်ပေးရန်လာရောက်ခြင်းဖြစ်ကြောင်း၊ချင်းပြည်နယ် တောင်ဘက်အစွန်းရှိပလက်ဝမြို့နယ်ကိုလမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ချင်းပြည်နယ်ဘက်မှ အချိန်မီထောက်ပံ့ရန် အခက်အခဲရှိသဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေ ကျောက်တော်ဘက်မှ ထောက်ပံ့ နိုင်ရေးအတွက် လာရောက်ညှိနှိုင်းဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း၊တိုက်ပွဲရှောင်ပြည်သူများအတွက်စားနပ်ရိက္ခာလိုအပ်ချက်သည်အဓိကဖြစ်ပါကြောင်း၊တိုက်ပွဲရှောင်ပြည်သူများအတွက် ရရှိလာသောစာရင်းများအပေါ်အခြေခံပြီးလိုအပ်သောစားနပ်ရိက္ခာများကိုလစဉ်ထောက်ပံ့ပေးနိုင်ရန်စီစဉ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ရခိုင်ပြည်နယ်အတွင်းရှိတိုက်ပွဲရှောင်များအတွက်ယာယီခိုလှုံနေထိုင်ရန်နေအိမ်များဆောက်လုပ်ပေးလျက်ရှိပါကြောင်း၊စားနပ်ရိက္ခာများနှင့်ထောက်ပံ့မှုများကိုလိုအပ်သောသူများထံသို့အမြန်ရောက်ရှိရန်အရေးကြီးပါသဖြင့်အားလုံးဝိုင်းဝန်းကြိုးစားပေးကြစေလိုကြောင်း၊ယခုအစည်းအဝေးသည်ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိတိုက်ပွဲရှောင်ပြည်သူများအတွက်စားရိက္ခာနှင့် လိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့်အကောင်းဆုံးနည်းလမ်းများကိုရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပူးပေါင်း၍ဆောင်ရွက်ရန်ဝိုင်းဝန်းဆွေးနွေးပေးကြရန်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ချင်းပြည်နယ်ဝန်ကြီးချုပ်ဦးဆလိုင်းလျန်လွယ်ကတိုက်ပွဲရှောင်ပြည်သူများနှင့်ရေဘေးသင့်ပြည်သူများအတွက်ကူညီစောင့်ရှောက်ပေးရန်လိုအပ်ပါကြောင်း၊ကျေးရွာတွင်မနေနိုင်ဘဲချောင်းဘေး၊လမ်းဘေး၊ လယ်ကွင်းများနှင့် နီးစပ်ရာဆွေမျိုးများနေအိမ်တွင်ဖြစ်သလိုနေထိုင်နေကြရသောပြည်သူများအတွက်ကူညီပေးရန်လိုအပ်ပါကြောင်း၊ချင်းပြည်နယ်၏လမ်းပန်းဆက်သွယ်ရေးအခြေအနေကိုအားလုံးအသိပင်ဖြစ်ပါကြောင်း၊အဓိကလိုအပ်သောရိက္ခာဆန်များကိုပြည်သူများအနေဖြင့်ရခိုင်ပြည်နယ်မှဝယ်ယူနေရပါကြောင်း၊တိုက်ပွဲရှောင်ပြည်သူများအပါအဝင် ဒေသခံပြည်သူများအတွက် ဆန်သယ်ယူမှုကိစ္စများအဆင်ပြေစေရေးပူးပေါင်းဆောင်ရွက်နိုင်ရန် အကြံဉာဏ်များရယူလိုပါကြောင်းဆွေးနွေးပြောကြားခဲ့ပါသည်။
ထို့နောက်ဒုတိယဝန်ကြီးဦးစိုးအောင်ကယခုခရီးစဉ်အတွင်းပလက်ဝမြို့နယ်ရှိတိုက်ပွဲရှောင်ပြည်သူများနှင့်ရေဘေးသင့်ပြည်သူများအတွက်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကဆန်၊ဆီ၊ဆား၊ပဲ၊ရိက္ခာ (၃)လစာနှင့်ကလေးကျောင်းဝတ်စုံများ၊တာပေါ်လင်လိပ်များနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆန်ရိက္ခာ (၂)လစာနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအတွက် ထောက်ပံ့ငွေများနှင့် ချင်းပြည်နယ် အစိုးရအဖွဲ့နှင့် ဒေသခံပြည်သူများမှလည်းထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်းပြောကြားပြီးတက်ရောက်လာကြသောချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများကပူးပေါင်းဆောင်ရွက်နိုင်ရန် ကိစ္စများကိုဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events