ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည်နေရာချထားမှု အကောင် အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့နှင့် ကချင်ဒေသ စစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေးကော်မတီ (KHCC) တို့၏ ဒုတိယအကြိမ်တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပမှုသတင်း

ဇူလိုင်၂၄၊နေပြည်တော်
ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည်နေရာချထားမှု အကောင် အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် ကချင်ဒေသ စစ်ဘေးရှောင်ပြည်သူများအား ကူညီ စောင့်ရှောက်ရေးကော်မတီ (KHCC) တို့၏ ဒုတိယအကြိမ်တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်း၊ လူမှုရေးဝန်ကြီးဦးနေဝင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီးထွန်းနေလင်း ညွှန်ကြားရေးမှူးချုပ်များနှင့် လုပ်ငန်းအဖွဲ့၏အဖွဲ့ဝင်များ၊ ကချင်ဒေသစစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေးကော်မတီ (KHCC)မှ ဒုဥက္ကဌ(၁) ဖာသာရ်ပေါလ် အောင်ဒန်း၊ ဦးဆောင်သော အဖွဲ့မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကချင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများ ပြန်လည် ထူထောင်ရေးလုပ်ငန်းသည် မိမိတို့ဝန်ကြီးဌာန၏ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် ပြည်သူများအားလုံး သာတူညီမျှခံစားရရှိရေးဆိုသည့်မူဝါဒအတိုင်း ကြိုးစားဆောင် ရွက်လျက်ရှိပါကြောင်း၊ လူ့ဂုဏ်သိက္ခာနှင့်ပြည့်စုံသော လူ့အသိုင်းအဝိုင်းဖြစ်ပေါ်ရေး၊ လူကြောင့်ဖြစ်သော ဘေးဒုက္ခအမျိုးမျိုးအပါအဝင် ဘေးဒဏ်ကို ကြံံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသော လူ့အသိုင်းအဝိုင်း ဖြစ်ပေါ်လာရေးနှင့် ဘေးဖြစ်ပြီးလျင်လည်း ပြန်လည်ထူထောင်ရေးဆောင်ရွက်ရာတွင် မူလအခြေအနေ ထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရန် ရည်ရွယ်ဆောင်ရွက်ပါကြောင်း၊ ကချင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာရသူများနေထိုင်သော ယာယီခိုလှုံရာစခန်းများသည် ယာယီသာဖြစ်ပြီး ထိုစခန်းများကို ပိတ်သိမ်းရမည်ဖြစ်ပါကြောင်း၊ IDPs စခန်းများပိတ်သိမ်းရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ မဟာဗျူဟာရေးဆွဲပြီးဖြစ်ပါကြောင်း၊ ပြန်လည်နေရာချထားမှု ဆောင်ရွက် ရာတွင် ယာယီခိုလှုံရာစခန်းရှိသူများ၏ သဘောဆန္ဒနှင့်အညီ ၎င်းတို့မူလနေထိုင်ရာနေရပ် (သို့မဟုတ်) အခြားအများသဘောတူညီထားသော နေရာအသစ် (သို့မဟုတ်) ယခုလက်ရှိရောက်ရှိနေရာတွင် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စွာနေရာချထားခြင်းတို့ဖြစ်ပါကြောင်း၊ မိမိတို့နေထိုင်ခဲ့ရာဒေသတွင် ပြန်လည်နေထိုင်ပြီး မိမိတို့ဒေသဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်ခြင်းသည် အကောင်းဆုံးဖြစ်ပါကြောင်း သို့မှသာ ပြည်နယ်တစ်ခုလုံး သာတူညီမျှဖွံ့ဖြိုးတိုးရေးအထောက်အကူဖြစ်မည်ဖြစ်ပါကြောင်း၊ ပြန်လည် နေရာချထားရာတွင် ရေရှည်တည်တံ့ရန်လိုအပ်ပါကြောင်း၊ ဘေးအန္တရာယ်ကင်းပြီး ဖွံ့ဖြိုးမှုအတွက် လိုအပ်သောပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းအတတ်ပညာများနှင့် အလုပ်အကိုင် ရရှိရေးတို့ကိုမဖြစ်မနေဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် (KHCC)နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အမျိုးသားအဆင့်မဟာဗျူဟာတွင် ပြည်နယ်နှင့် တိုင်းဒေသ ကြီးအလိုက် လိုအပ်ချက် မတူညီသဖြင့် မတူကွဲပြားစွာဆောင်ရွက်စီမံကြရမည်ဖြစ်ကြောင်း၊ ကချင်ပြည် နယ်နှင့်ပတ်သက်၍ လက်တွေ့ကျသော ယာယီစခန်းများပိတ်သိမ်းရေးနှင့်ပြန်လည် ထူထောင်ရေး တို့အတွက် ထိရောက်သောနည်းလမ်းများကို ဝိုင်းဝန်းအကြုံပြုဆွေးနွေးပေးစေလိုပါကြောင်း ပြောကြား ပါသည်။
ထို့နောက် (KHCC) မှ ဒုဥက္ကဌ (၁) ဖာသာရ်ပေါလ်အောင်ဒန်းက ကချင်ပြည်နယ်အတွင်းရှိ နေရပ် စွန့်ခွာရသူများ (IDPs) ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးလုပ်ငန်းများဆောင်ရွက်ရာ တွင် အစိုးရနှင့်ပြည်သူများအကြား ကြားခံညှိနှိုင်းဆောင်ရွက်ပေးရသည့် အဖွဲ့ဖြစ်ပါကြောင်း၊ အစိုးရ ဘက်မှလည်း တတ်နိုင်သလောက်ထောက်ပံ့ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် လက်တွေ့ အကောင်အထည်ဖော်နိုင်ရေးညှိနှိုင်းဆောင်ရွက်ရန် ကိစ္စများကိုဆောင်ရွက်ပေးပါရန်ပြောကြားခဲ့ပါသည်။ ထို့နောက် မှတ်တမ်းတင်ဓါတ်ပုံခခရိုက်ကူးခဲ့ကြပါသည်။
ဆက်လက်ပြီးကချင်ပြည်နယ်အတွင်းရှိနေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်းဆောင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးအောင်နှင့် လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၊ ကချင် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများသည် (KHCC) အဖွဲ့နှင့် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်း စဉ်များဆွေးနွေးရာကချင်ပြည်နယ်အတွင်းနေရပ်စွန့်ခွာသူများ၏ အခြေအနေဆန်းစစ်လေ့လာ တွေ့ရှိချက် များအပေါ် အခြေခံ၍ လိုအပ်ချက်များပံ့ပိုးကူညီပေးမည့် အစီအစဉ်များ၊ တိုက်ပွဲရှောင် ပြည်သူများ ပြန်လည်နေရာချထားရေးအတွက် ဦးစားပေးကျေးရွာများရွေးချယ်၍ လုံခြုံစွာနေရပ်ပြန်နိုင်ရေး၊ ပြန်လည် နေရာ ချထားရေးစီမံချက် ရေးဆွဲတင်ပြရေးတို့ ဆွေးနွေးခဲ့ကြကြောင် းသိရှိရပါသည်။

Source: MSWRR

#hl1
#kcn_jul2019

Sign Up

Upcoming Events