၂၀၁၉ ခုနှစ်၊ ဇူလိုင်လအတွင်း၌ တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ယခုအခါ၌ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် ရေဘေးရှောင်ပြည်သူများသည် ၎င်းတို့၏မူလနေအိမ်များသို့ ပြန်လည် ပြောင်းရွှေ့ကြ ပြီး စခန်းများလည်းပိတ်သိမ်းပြီးဖြစ်ကြောင်းနှင့် ကချင်ပြည်နယ်ရှိ ရေဘေးရှောင်ပြည်သူ များမှာလည်း ၎င်းတို့၏ မူလနေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့လျက်ရှိပြီး အချို့နေရာများတွင် ကျန်ရှိနေသေးကြောင်း သိရှိရပါသည်။ (၂၃-၇-၂၀၁၉) နေ့အခြေအနေအရ-စစ်ကိုင်းတိုင်းဒေသကြီး ကသာ၊ ထီးချိုင့်၊ ကန့်ဘလူ၊ ခင်ဉီး၊ စစ်ကိုင်း၊ ကျောက်မြောင်းမြို့နယ်များ၌ အိမ်ထောင်စု (၄၃၀၀) ကျော်၊ လူဦးရေ (၁၉၅၀၀) ကျော်တို့သည်လည်းကောင်း၊မန္တလေးတိုင်းဒေသကြီး၌ သပိတ်ကျင်း၊ စဉ့်ကူး၊ စဉ့်ကိုင်၊ တံတား ဉီး၊ တောင်သာမြို့နယ်များတွင် အိမ်ထောင်စု (၄၉၀၀) ကျော်၊ လူဦးရေ (၂၁၀၀၀) ကျော်တို့သည် လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်နှင့် ရေနံချောင်းမြို့နယ်တို့၌ အိမ်ထောင်စု (၁၂၀)၊ လူဦးရေ (၅၂၀) တို့သည်လည်းကောင်း ယာယီရေဘေးရှောင်နေရာများ၌ ပြောင်းရွှေ့ နေထိုင်လျက်ရှိပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေများအပါအဝင် စုစုပေါင်း ကျပ် (၁၆၉၈) သိန်းကျော် ထောက်ပံ့ပြီးဖြစ်ကြောင်းနှင့် ထောက်ပံ့မှုများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
ပြည်သူများအနေဖြင့်လည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်း ထုတ်ပြန်ချက်များ၊ ပညာရှင်များ၏ သုံးသပ်အကြံပြုချက်များကို အလေးထားဂရုပြုလိုက်နာ ရန်နှင့် အကူအညီလိုအပ်ပါက ဒေသအလိုက်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံး များသို့ဖြစ်စေ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန (ရုံးချုပ်) Hot Line နံပါတ်များဖြစ်သော ၀၆၇-၃၄၀၄၆၆၆၊ ၀၆၇-၃၄၀၄၇၇၇ သို့ဖြစ်စေ အကူအညီတောင်းခံနိုင်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ နှိုးဆော်ထားပါသည်။
#ha_fld
#npw_jul2019
Source: Relief Section