မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းအတွက် ကနဦးအစီရင်ခံစာနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကျင်းပမှုသတင်း

ဇူလိုင် ၁၇၊ နေပြည်တော်
မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်း အတွက် ကနဦးအစီရင်ခံစာနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အဖွင့်အမှာစကားပြောကြားပါသည်။
ပြည်ထောင်စုဝန်ကြီးက မသန်စွမ်းသူများ၏ အခွင့်အရေးများ သာတူညီမျှရရှိရေးအတွက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်းကို ၂၀၁၁ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ မသန်စွမ်းသူများ ၏ အခွင့်အရေးများဖော်ဆောင်နိုင်ရန်လည်း အမျိုးသားအဆင့်ကော်မတီကို ၂၀၁၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး သက်ဆိုင် ရာ တိုင်းဒေသကြီး/ပြည်နယ်အဆင့်ဆင့်တွင် လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ UNCRPD အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ ကွန်ဗင်းရှင်း၏ အပိုဒ် (၃၅)(က) တွင် ဖော်ပြထားသည့် “အဖွဲ့ဝင် နိုင်ငံများသည် ဤသဘောတူစာချုပ်အရသတ်မှတ်ထားသော ၎င်းတို့၏ တာဝန်ဝတ္တရားများကို ထိရောက်စွာ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့်ပတ်သက်၍ ပြည့်စုံသည့် အစီရင်ခံစာတစ်စောင်ကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်မှတစ်ဆင့် ကော်မတီသို့ တင်သွင်းရန်”နှင့် အပိုဒ် (၃၅) (ခ) တွင်ဖော်ပြထားသည့် “ထိုသို့တင်သွင်း ပြီးနောက် အဖွဲ့ဝင်နိုင်ငံများသည် နောက်ဆက်တွဲအစီရင်ခံစာကို အနည်းဆုံး (၄) နှစ် (၁) ကြိမ် တင်ပြရန်” ပါရှိပါ ကြောင်း၊ ကနဦးအစီရင်ခံစာကို ၂၀၁၅ ခုနှစ်ကတည်းက UNCRPD ကော်မတီသို့ တင်သွင်းထားပါကြောင်း၊ မြန်မာ နိုင်ငံက တင်သွင်းသည့် UNCRPD ကနဦးအစီရင် ခံစာနှင့်စပ်လျဉ်း၍ ယခုနှစ် သြဂုတ်လ(၂၈)ရက်နေ့နှင့် (၂၉) ရက် နေ့တို့တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် မြန်မာနိုင်ငံမှ တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ ဆွေးနွေးမည်ဖြစ် ပါကြောင်း၊ UNCRPD ကနဦးအစီရင်ခံစာသည် မသန်စွမ်းမှုနှင့်ဆက်စပ်သည့်ကိစ္စရပ်ဖြစ်သည့်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တက်ရောက်လာသောအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကပေါင်းစပ်ညှိနှိုင်းဆွေးနွေး ပေးကြ စေလိုပါကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြာရေးမှူးချုပ်က အစည်းအဝေးကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ UNCRPD ကော်မတီကပေးပို့လာသည့် List of Issues နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များနှင့် တာဝန်ရှိသူများက သုံးသပ်အကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

Source: MSWRR

#hl1
#npw_jul2019

Sign Up

Upcoming Events