
ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီနှင့် သက်ဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့အစည်း များမှ တာဝန်ရှိသူတို့က လုပ်ငန်းစီမံချက်(မူကြမ်း)အပေါ် (၃/၂၀၁၉)တတိယအကြိမ် ညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။
ပြည်ထောင်စုဝန်ကြီးက ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်မှုများကို အကောင်အထည်ဖော်၍ လုပ်ငန်းစီမံချက်ရေးဆွဲဆောင်ရွက်နိုင်ရေး အတွက် ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Ms. Pramila Patten တို့က ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာ(၇)ရက်နေ့တွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု တားဆီးကာကွယ် ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကြေငြာချက်ကို လက်မှတ်ရေး ထိုးခဲ့ပါကြောင်း၊ ပူးတွဲကြေညာချက်အား အကောင်အထည်ဖော်ဆောင်ရွက်ရန် အမျိုးသားအဆင့် လုပ်ငန်းကော်မတီဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်(၅) ရပ်ဖြစ်သော ပဋိပက္ခအတွင်းလိင်အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဆိုင်ရာ ပူးတွဲကြေညာချက်ပါ ဆောင်ရွက်ရမည့်ကဏ္ဍများအနက် ဦးစားပေးဆောင်ရွက်ရမည့် ကဏ္ဍများကို သတ်မှတ်၍ အရှိန် အဟုန်တိုးမြှင့်အကောင်အထည်ဖော်ရန်၊ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်တစ်ရပ်ကို ပြည်တွင်း၌ ညှိနှိုင်းရေးဆွဲရန်၊ လုပ်ငန်းစီမံချက်ရေးဆွဲရာမှာ ကုလသမဂ္ဂနှင့်ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂရုံး၏ အထူးကိုယ်စားလှယ်ရုံးတို့မှ နည်းပညာနှင့်အကြံဉာဏ်များ ရယူနိုင်ရေးဆောင်ရွက်ရန်၊ ပူးတွဲကြေညာချက်ကို အကောင် အထည် ဖော်ရာမှာ တိုးတက်မှုရလာဒ်များကို စုစည်းပြုစု၍ နိုင်ငံခြားရေး ဝန်ကြီးဌာနမှတဆင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာသို့ အသိပေးဆောင်ရွက်ရန်နှင့် အမျိုးသမီး များအား လိင်အကြမ်းဖက် မှုတားဆီးကာကွယ်ရေးနှင့်စပ်လျဉ်းပြီး ပြန်ကြားရေးဝန်ကြီး ဌာနနှင့်ပူးပေါင်း၍ သတင်းမီဒီယာများ မှတဆင့် လူထုအား အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန်တို့ဖြစ်ပါ ကြောင်း၊ လုပ်ငန်းစီမံချက်(မူကြမ်း)နှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကော်မတီဝင် များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၏ သဘောထားမှတ်ချက်များနှင့် အကြံပြုချက်များကို ဝိုင်းဝန်းဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် နယ်စပ်ရေးရာဒုတိယဝန်ကြီး၊ ကော်မတီအဖွဲ့ဝင်များ၊ ကုလသမဂ္ဂအဖွဲ့အစည်း များဖြစ်သော UNFPAနှင့် UN Women မှတာဝန်ရှိသူများက သက်ဆိုင်ရာ ဌာနများ၏ သဘောထားမှတ်ချက်အရ ပြင်ဆင်ထားသည့် လုပ်ငန်းစီမံချက်(မူကြမ်း)အပေါ် အကြံပြု ဆွေးနွေးခဲ့ရာ ပြည်ထောင်စုဝန်ကြီးက အကြံပြုချက်များကို မှတ်တမ်းတင်ထားရှိပြီး ဆွေးနွေး ချက်များအရ သဘောတူညီခဲ့ကြသော ပြန်လည်ပြင်ဆင်ချက်များကို သတ်မှတ်ရက်အတွင်း ပြီးစီးအောင်ဆောင်ရွက်သွားရန် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။