
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Mrs. Christine Burgener ဦးဆောင်သောအဖွဲ့မှ ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် အထူးကိုယ်စားလှယ်၏ ရခိုင်ပြည်နယ်ခရီးစဉ်မှ တွေ့ရှိချက်များနှင့် အမြင်များ၊ IDP စခန်းများ ပိတ်သိမ်းရေး အမျိုးသားအဆင့်မဟာဗျုဟာ ရေးဆွဲနေမှု နောက်ဆုံး အခြအနေများနှင့် မကြာမီ အတည်ပြုပြီးနောက် ဒေသလိုက် လုပ်ငန်းစီမံချက်များ ရေးဆွဲအကောင်အထည်ဖော်သွားမည့် အခြေအနေများ၊ ကချင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးအတွက် ပြည်ထောင်စု အစိုးရ၊ ပြည်နယ်အစိုးရနှင့် ကချင်ဒေသစစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေးကော်မတီ (KHCC) တို့ ညှိနှိုင်းဆွေးနွေးနေမှု အခြေအနေများ၊ ပဋိပက္ခအတွင်းလိင်အကြမ်းဖက်မှုတားဆီး ကာကွယ် ရေးဆိုင်ရာ ပူးတွဲကြေညာချက် (Joint Communique )အား အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေရေးဆွဲနေမှု အခြေအနေနှင့် ကလေးသူငယ်အခွင့်ရေးဆိုင်ရာ ဥပဒေ မကြာမီပြဌာန်းနိုင်တော့မည့် အခြေအနေများ၊ ရခိုင်ပြည်နယ် တည်ငြိမ်းအေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှု အခြေ အနေများ၊ နေရပ် စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များနှင့် အာဆီယံနိုင်ငံများမှ ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများ၊ အသိုက်အဝန်းနှစ်ခုအကြား ယုံကြည်မှုတည်ဆောက်ရေးနှင့် လူမှုသဟဇာတမျှတရေး ဆိုင်ရာ ကိစ္စရပ်များတွင် မိမိတို့ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်၏ ရုံးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိပါသည်။